ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ထပ်မံမိုင်းခွဲခံခဲ့ရ၊ နစကလက်ထက်အတွင်း ရထားလမ်း နှင့် ဘူတာရုံ မိုင်းခွဲဖျက်ဆီးခံရမှုအကြိမ်ရေ (၁၂၅)ကြိမ်ရှိ
မြူနစ် (NSS) - စက်တင်ဘာ ၆
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ထပ်မံမိုင်းခွဲခံခဲ့ရပြီး လက်ရှိ နစကလက်ထက်၌ ရထားလမ်းနှင့်ဘူတာရုံ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အကြိမ်ရေသည် (၁၂၅)ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာအနီးရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်တိုင်အမှတ် (၉၉) တွင် ယမန်နေ့(စက်တင်ဘာလ ၅ ရက်)၊ နံနက် ၂ နာရီခွဲအချိန်တွင် အကြမ်းဖက်အဖွဲ့၏ မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက မိုင်း(၂)လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖောက်ခွဲခဲ့မှုကြောင့် ရထားသံလမ်းပေ (၈၀)ခန့် ပြတ်တောက်တွန့်လိမ်ခြင်း၊ ကွန်ကရစ်ဇလီဖား(၁၄)တုံးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။
ထိုသို့ဖျက်ဆီးခံရမှုကြောင့် မန္တလေး-ရန်ကုန်သို့ ထွက်ခွာလာသော လူစီးအမြန်ရထားသည် ယမန်နေ့ (စက်တင်ဘာ လ ၅ ရက်)၊ နံနက် ၃ နာရီခွဲအချိန်တွင် အခင်းဖြစ်ပွားရာနေရာအရောက်၌ အချိန်မီရပ်တန့်နိုင်ခဲ့ပြီး ရထားခရီးစဉ်အား ခေတ္တရပ်တန့်ခဲ့ရကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သော ရထားလမ်းပိုင်းအား ပြန်လည်ပြုပြင်ခဲ့ရာတွင် နံနက် ၁၁ နာရီအချိန်ခန့်၌ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။
နိုင်ငံတော်တာဝန်များကို ရယူခဲ့သော နစကအစိုးရလက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း အကြမ်းဖက်သမားများ၏ ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးမှု (၁၂၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် တံတားမိုင်းခွဲဖျက်ဆီးခြင်း အကြိမ်ရေသည် (၄၅)ကြိမ်၊ ဘူတာနှင့်ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအကြိမ်ရေ (၁၂)ကြိမ်ရှိခဲ့ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကြောင့် ရထားလမ်းနှင့်တံတားများပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ် ကျမ်းသစ္စာကျိန်ဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း