ကန့်ဘလူမြို့၌ မိသားစုဝင်(၅)ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး (၂)နှစ်အရွယ်ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့
NSS - သြဂုတ် ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၌ မိသားစုဝင် (၅)ဦး အစုလိုက်အပြံလိုက် သတ်ဖြတ်ခံခဲ့ရပြီး (၂)နှစ်အရွယ်ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမိသားစုဝင်များသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်၊ အင်ကြင်းဥယျာဉ်အနီးရှိ ဦးအောင်မောင်း ၏ နေအိမ်၌ ယမန်နေ့(သြဂုတ်လ ၁၃ ရက်)၊ နံနက် ၂ နာရီခွဲအချိန်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း မြို့ခံများက NSS ကို ပြောသည်။
ဦးအောင်မောင်း၏ ညီဖြစ်သူ ဦးမြင့်ဆွေအပါအဝင် မိသားစုဝင်များသည် အခြားသောကျေးရွာတစ်ခု၌ နေထိုင်သူများဖြစ်ပြီး ခြိမ်းခြောက်ခံနေရမှုများကြောင့် ကန့်ဘလူမြို့ပေါ်တွင် လာရောက်တိမ်းရှောင်နေခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းရှောင်နေစဉ် ဦးမြင့်ဆွေ(၄၆)နှစ်၊ ၎င်း၏ဇနီး ဒေါ်ကြည်ဌေး (၅၅)နှစ်၊ ၎င်းတို့၏ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး (၃၂)နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ မဖြိုးသီရိလှိုင် (၃၁)နှစ်တို့သည် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အိမ်ပိုင်ရှင်ဖြစ်သော ဦးအောင်မောင်း၏ သမီးဖြစ်သူ ဒေါ်မာမာလင်း (၃၈)နှစ်သည်လည်း ယင်းနေအိမ်၌ပင် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
သို့သော် ဒေါ်မာမာလင်း၏ သမီးဖြစ်သူ အသက်(၂)နှစ်ခွဲအရွယ်ရှိ မဂျူးနဒီလွင်ဦးသည် ကံကောင်းစွာဖြင့် အကြမ်းဖက်သတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
“အသတ်ခံရတာက (၆)ယောက် မဟုတ်ပါဘူး။ အမှန်က (၅)ယောက်ပါ။ မိသားစုဝင်တွေပေါ့။ သူတို့က တခြားရွာကနေ ကန့်ဘလူမြို့ပေါ်က အစ်ကိုအိမ်မှာ လာရှောင်နေတာလို့ သိရတယ်။ အသတ်ခံရတာကို မနက်မှ သူ့မိသားစုဝင်တွေက အိမ်ကို လာတော့မှ သိရတာ။ တော်တော်ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရတာပါ။ ဒဏ်ရာတွေက လည်ပင်းတွေမှာပဲ ရှိတယ်။ လည်ပင်းတွေကိုပဲ ခုတ်သွားတဲ့သဘောပေါ့” ဟု ကန့်ဘလူမြို့ခံတစ်ဦးက ပြောသည်။
အထက်ပါကဲ့သို့ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို လူမှုကူညီရေးကားများဖြင့် ကန့်ဘလူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကအနေဖြင့် လက်ရှိအချိန်ထိ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးသကဲ့သို့ ကန့်ဘလူမြို့၏ လုံခြုံရေးအခြေအနေသည်လည်း စိုးရိမ်ရကြောင်း မြိုခံများက မှတ်ချက်ပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကြေးစားတပ်ဖွဲ့ Wagner group အုပ်စုကို ရုရှားအစိုးရအစား ဘီလာရုစ့်အစိုးရ ငွေကြေးကူညီထောက်ပံ့ပေးဖွယ်ရှိနေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း