ကနေဒါနိုင်ငံတွင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ခြောက်ဦးစလုံး သေဆုံး
Pika (NSS) - ဇူလိုင် ၃ဝ
ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်ရှိ တောင်တန်းဒေသတွင် ဂျက်လေယာဉ်တစ်စီးပျက်ကျခဲ့ပြီးနောက် လူခြောက်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
ဂျက်လေယာဉ်ပျက်ကျမှုသည် Calgary မြို့ အနောက်ဖက် Kananaskis Country ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Royal Canadian Mounted Police (RCMP) က ထုတ်ပြန်ပြောကြားခဲ့သည်။ ခရီးသည်(၅)ဦး နှင့် လေယာဉ်မှူးတစ်ဦးပါသော ဂျက်လေယာဉ်သည် ဇူလိုင်လ(၂၈)ရက် ညက Calgary မြို့အနီးရှိ Springbank လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း RCMP က ပြောကြားခဲ့သည်။
ဇူလိုင်လ(၂၈)ရက် ည(၉)နာရီအချိန်တွင် အဆိုပါဂျက်လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း RCMP တပ်ကြပ်ပြီး Ryan Singleton က ပြောကြားခဲ့သည်။ ဂျက်လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျကြောင်း သတင်းရရှိပြီးနောက် Winnipeg မြို့အခြေစိုက် ကနေဒါတော်ဝင်လေတပ် (RCAF) တပ်ခွဲသည် ရှာဖွေမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် လေယာဉ်ပျက်ကျသည့် နေရာသို့ရောက်ရှိပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံရှာဖွေခဲ့သော်လည်း လေယာဉ်ပေါ်ပါ လူခြောက်ဦးစလုံး သေဆုံးသွားသည်ကို တွေ့ရှိခဲ့ကြောင်း Ryan Singleton က ပြောကြားခဲ့သည်။
ကနေဒါတော်ဝင်လေတပ်သည် ပျက်ကျသွားသော ဂျက်လေယာဉ်ကို ရှာဖွေရန်အတွက် Hercules အမျိုးအစား လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပြီးနောက် Calgary မြို့အနောက်ဘက် ကီလိုမီတာ(၆ဝ)အကွာရှိ Bogart တောင်ပေါ်တွင် အဆိုပါဂျက်လေယာဉ်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ryan Singleton က "မြေပြင်အနေအထားကြောင့် လေယာဉ်မှူးရဲ့အလောင်းနဲ့ ခရီးသည်တွေရဲ့အလောင်းတွေကို ဆယ်ယူရတာဟာ အရမ်းကိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေအားလုံးကို အောင်မြင်စွာ ဆယ်ယူနိုင်ခဲ့ပါပြီ" ဟု ပြောခဲ့သည်။
သို့သော်လည်း သေဆုံးသူများသည် မည်သူဖြစ်သည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ထုတ်ပြန်ပြောကြား ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့သည် ဂျက်လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း RCMP က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အတ္တလန်တာတိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ