ကလေးမြို့နယ်ရှိ တဲကျောင်းတစ်ခုအတွင်း၌ သေနတ်ကျည် မတော်တဆဖြစ်ကာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
NSS - ဇူလိုင် ၂၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ တဲကျောင်းတစ်ခုအတွင်း၌ သေနတ်ကျည် မတော်တဆဖြစ်ကာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာအနီးရှိ တဲကျောင်းတစ်လုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်တော်(၄၃)နှစ်၊ ဝါတော်(၂၃)ဝါရှိ သံဃာတော်ဥူးဝိဇယသည် အင်းစိန်ကျေးရွာရှိ ရွှေပါရမီဘုန်းကြီး ကျောင်းတိုက်၌ ပြီးခဲ့သည့်နှစ်တွင် ဝါဆိုခဲ့ဖူးကြောင်း ၎င်းကျောင်းတိုက်၏ အကျိုးဆောင်တစ်ဦးက NP News ကို ပြောသည်။
“ကျောင်းတိုက်က ဆရာတော်တော့ မဟုတ်ဘူး။ အဲဒီ အင်းစိန်ရွာ ရွှေပါရမီကျောင်းတိုက်မှာ အရင်နှစ်က ဝါဆိုတယ်ပေါ့။ ဒီမှာ ဝါဆိုတယ်ဆိုတော့ ရွှေပါရမီကျောင်းက ဖြစ်သွားတာပေါ့။ အဲဒီဆရာတော်ကတော့ တောထဲက ကျောင်းတွေမှာ နေတာများတယ်။ သူများတွေ ပြောနေသလို အသတ်ခံရတာတော့ မဟုတ်ဘူး။ Accident ဖြစ်သွားတာပေါ့။ ရွှေပါရမီဘုန်းကြီးကျောင်းမှာ ဖြစ်တာ မဟုတ်ဘူး။ တောထဲက တဲကျောင်းမှာ ဖြစ်သွားတာ။ အဲဒီတဲကျောင်းမှာ ဆရာတော်အနားမှာ ပြုစုတဲ့ သူ့ဒကာလေး ရှိတယ်။ သေနတ်ကမ်းပေးလိုက်တဲ့အချိန်မှာ ကျည်မတော်တဆဖြစ်သွားတာ။ လုပ်ကြံခံရတာမျိုးတော့ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ သေနတ်ကျည်မတော်တဆဖြစ်ပွားမှုကြောင့် သံဃာတော်ဥူးဝိဇယသည် မေးစေ့ပွင့်ထွက် ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
“ဆရာတော်က ဒီဘက်မှာ ကလေးတွေကို စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ အဲဒီလိုသင်ပေးတာကို ဆရာတော်က လိုအပ်တဲ့ ခဲတံ၊စာအုပ်တွေကို အလှူခံပေးတယ်။ နေမကောင်း၊ မကျန်းမာတာတွေရှိရင်လည်း ဆရာတော်က လိုက်ပို့ပေးတယ်။ ပရဟိတတွေ၊ ဘာတွေလုပ်တယ်ဆိုတော့ အဲဒီအနားက သူ့ကို ချစ်ကြတယ်။ ချစ်ကြတဲ့ ဒကာ၊ ဒကာမတွေ အများကြီးရှိတယ်” ဟု ရွှေပါရမီကျောင်းတိုက်၏ အကျိုးဆောင်က ပြောသည်။
ဆရာတော်ဥူးဝိဇယသည် အင်းစိန်ရွာ၏ မြောက်ဘက်ရှိ ထောက်ကြန့်ရွာ၌ ဖွားမြင်သူတစ်ဦးဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
“သေနတ်ကို အပေါ်ကနေ အောက်ကိုလမ်းပေးတဲ့အချိန်မှာ ဖြစ်တာလို့ သိရတယ်။ လှမ်းယူတဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ကျည်ထိမှန်သွားတာပေါ့။ အဲဒီဘက်မှာကြတော့ သေနတ်က နေရာတိုင်းလိုလို ရှိကြတယ်။ တောထဲဘက်မှာနေကြတာဆိုတော့ တစ်ချို့က အကာအကွယ်သဘောမျိုးထားတာမျိုးတွေ ရှိတယ်”ဟု အင်းစိန်ကျေးရွာဒေသခံများနှင့်နီးစပ်သူ ကလေးမြို့ခံတစ်ဦးက ပြောသည်။
သို့သော် အင်းစိန်ကျေးရွာ၊ ရွှေပါရမီဘုန်းကြီးကျောင်းတိုက်မှ ဆရာတော်ဥူးဝိဇယသည် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုရေးသားမှုများလည်း ရှိနေသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ NSS အနေဖြင့် ကလေးမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ၌ ကလေးမြို့နယ်အတွင်း အင်းစိန်ကျေးရွာ မရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မျိုး မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော ပဋိပက္ခများအတွင်း အရပ်သားပြည်သူ (၆၀၀၀)ကျော်မှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့အထဲတွင် ရဟန်းသံဃာတော် (၇၆)ပါးသည် အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် အများဆုံးဖြစ်ပွားထားကြောင်း သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၆)လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ