မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားနှင့် ကျုံအိတ်တံတားတို့ ပြင်ဆင်ပြီးစီး
မျိုးကြီး (NSS) - ဇူလိုင် ၂၆
မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားနှင့် ကျုံအိတ်တံတားတို့အား ပြင်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားကို အကြမ်းဖက်အဖွဲ့သည် ပြီးခဲ့သော ဇူလိုင်လ ၆ ရက်တွင် မိုင်းထောင်ဖောက်ခွဲကာ ဖျက်ဆီးခဲ့သည်။
ထိုသို့ လေးဖာတောတံတား ဖျက်ဆီးခံရပြီးနောက်ပိုင်းတွင် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးသွားရောက်သည့် ပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၎င်းလေးဖာတောတံတားကို ကျိုက်ထီးရိုးဘုရားဂေါပကအင်ဂျင်နီယာအဖွဲ့နှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာတွင် ငွေကျပ်သိန်း (၂၆၀)ကျော် ကုန်ကျခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
“လေးဖာတောတံတားက ၂၅ ရက်နေ့ နံနက် ၆ နာရီမှာ ဖြတ်သန်းပြေးဆွဲခွင့်ပြုလိုက်ပါပြီ။ တံတားပြုနေတုန်းမှာလည်း ကားပြေးဆွဲကို လုံးဝရပ်မထားပါဘူး။ ရင်ပြင်တော်ကနေပြီးတော့ တံတားအထိကို ပို့ပေးတယ်။ အဲဒီမှာ လူတွေဖြတ်သန်း သွားလာလို့ရအောင် လူလျှောက်လမ်းလေး လုပ်ပေးတယ်။ ကင်ပွန်းစခန်းကနေ အဲဒီနားကို သွားကြိုပေးပါတယ်။ အဲဒီလို လုပ်ပေးပြီးတော့ ၂၅ ရက်နေ့မှာ ကားတိုက်ရိုက်ဖြတ်သန်းခွင့်ပြုလိုက်ပါပြီ”ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
ထိုသို့ လေးဖာတောတံတားကို ကားများ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည့် ယမန်နေ့(ဇူလိုင်လ ၂၅ ရက်) တွင် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူး (၂၀၀)ကျော် လာရောက်ခဲ့ပြီး ၎င်းတို့အထဲတွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း ဂေါပကအဖွဲ့က ပြောသည်။
“အခုက ဝါဆိုလပြည့်ရောက်တော့မှာဆိုတော့ ဝါဆိုသင်္ကန်းလာကပ်တဲ့အဖွဲ့တွေကလည်း လာပါလိမ့်မယ်။ ဘိုကင် ယူထားတာတွေရှိပါတယ်။ ရန်ကုန်ကနေပြီးတော့ အနေအထားလေးတွေ လှမ်းစုံစမ်းရင်းနဲ့ ဘိုကင်တင်ထားတာတွေ ရှိပါတယ်။ နောက်တစ်ခုက (၁၂)လ၊ (၁၂)ရာသီလုံး သွားရေး၊လာရေး၊ စားရေး၊သောက်ရေး၊ တည်းရေးခိုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကအစ ကျွန်တော်တို့ ဂေါပကအဖွဲ့က သက်ဆိုင်ရာတွေနဲ့ အားလုံးညှိနှိုင်းပြီးတော့ ၁၂ ရာသီလုံး ဘုရားဖူးမျှော်ခွင့် ရှိပါတယ်”ဟု ဦးစိုးလှက ဆက်လက်ပြော သည်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား ကျုံအိတ်တံတားသည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်တွင် အကြမ်းဖက်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ယင်းကျုံအိတ်တံတားအား ဘေလီတံတားအမျိုးအစားဖြင့် ပြန်လည်ပြုပြင်လျက်ရှိရာတွင် လက်ရှိတွင် ပြီးစီးသွားပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကို ပြောသည်။
“ကျုံအိတ်တံတားက ပြီးပြီဆိုပေမယ့် ဖြတ်သန်းသွားလာတာတော့ မရှိသေးဘူး။ တစ်ဖက်ကနေပဲ သွားတုန်းပဲ။ အခုက ကြည့်ရတာက ဘေလီသံဘောင်ဆိုပေမယ့် Level ညှိတာနဲ့ ခံနိုင်ရည်ဝန်တွေကို စမ်းပြီးမှ ဖြတ်ခွင့်ပေးမယ်ထင်တယ်။ တံတားကတော့ ပြီးသွားပြီ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
၎င်းကျုံအိတ်တံတားအား ပြုပြင်နေစဉ်ကာလအတွင်း၌ အကြမ်းဖက်အဖွဲ့သည် တံတားပြုပြင်နေသည့်လုပ်ငန်းခွင်ကို Drop ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့တွင် ကားနှင့်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ