ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်နေတဲ့ CPP ပါတီ အပြတ်အသတ်အနိုင်ရခဲ့ဟုဆို
NSS - ဇူလိုင် ၂၅
ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယား ပြည်သူပါတီ CPP ဟာ ဇူလိုင်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ကြောင်း အဆိုပါပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
CPP ပါတီပြောရေးဆိုခွင့်ရှိသူ Sok Eysan က ဇူလိုင်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ပါတီအတွက် နောက်ထပ်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ကြောင်း ၎င်းကပြောပါတယ်။ CPP ပါတီပြော ရေးဆိုခွင့်ရှိသူက " ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီဟာ နေရာအများအပြားအနိုင်ရခဲ့တယ်။ ဒီရလဒ်တွေဟာ ကျွန်တော်တို့ ပါတီရဲ့ခေါင်းဆောင်တွေအပေါ် ပြည်သူတွေယုံကြည်မှုအပြည့်ရှိနေတာကို ရည်ညွှန်းတာပါ" လို့ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ငါးနှစ်တစ်ကြိမ်ရွေးကောက်ပွဲကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၂၅ဦးကို ပြည်သူတွေမဲပေးရွေးချယ်ရတာဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီပေါင်း ၁၈ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဝန်ကြီးချုပ်ဟွန်ဆန်ကို မကြာခဏဝေဖန်ပြစ်တင်နေတဲ့ အဓိကအတိုက်ခံပါတီကတော့ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့တာကြောင့် အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်ပြစ်တင်နေပါတယ်။
တစ်ပြည်လုံးမှာ အရည်အချင်းပြည့်မီတဲ့ မဲဆန္ဒရှင် ၈၄.၆ ရာခိုင်နှုန်းတို့က ဆန္ဒမဲပေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မတီက ပြောပါတယ်။
အာရှမှာ သက်တမ်းအကြာဆုံး ခေါင်းဆောင်ဖြစ်သူ ဟွန်ဆန်ဟာ လွန်ခဲ့တဲ့ ၃၈ နှစ်တာကာလအတွင်း လက်ရုံး အားကိုး နည်းဗျူဟာများနဲ့ အာဏာကို ခိုင်မာတောင့်တင်းလာအောင် စုစည်းခဲ့ပါတယ်။ ဒါပေမယ့် အသက် ၇၀ အရွယ် ကမ္ဘောဒီးယား ကာကွယ်ရေးဦးစီးချုပ်ဟောင်းကြီးဟာ လာမယ့် (၅)နှစ်သက်တမ်းအတွက် ၀န်ကြီးချုပ်ရာထူးကို ရွေးကောက်ပွဲအပြီး ပထမလလောက်မှာ စွန့်လွှတ်မှာဖြစ်ကြောင်း၊ သားအကြီးဆုံးဖြစ်သူ ဟွန်မန်နက်ထံ လွှဲပြောင်းပေးမယ့်အကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
ဟွန်မန်နက်ဟာ လက်ရှိအာဏာရပါတီ မျိုးဆက်သစ်အပြောင်းအလဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဝန်ကြီးရာထူး အများစုမှာ လူငယ်ခေါင်းဆောင်များကို ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ အဲဒါဟာ အများက စောင့်ကြည့်နေတဲ့ ခေါင်းကိုင် အပြောင်းအလဲဖြစ်ကြောင်း၊ အကူးအပြောင်းမှာ အားလုံးက ဘယ်သူတွေ ပါ၀င်လာမလဲ၊ သူတို့ကိုယ် သူတို့ ဘယ်လိုရာထူးတွေ ပေးကြမလဲဆိုတာကို စိတ်၀င်စားနေကြတယ်လို့ ကမ္ဘောဒီးယားအရေးကျွမ်းကျင်သူက ဆိုပါတယ်။
အဆိုပါ ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ၁၉၉၃ ခုနှစ်နောက်ပိုင်း ကျင်းပတဲ့ ၇ ကြိမ်မြောက်ရွေးကောက်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် ၁၂၅ ဦးစလုံးကို CPP ပါတီကသာ အနိုင်ရခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနယ်မြေအတွင်း ၀င်ရောက်သွားသည့် အမေရိကန်စစ်သားကိစ္စ ပြုံယမ်းနှင့် ဆွေးနွေးနေဟု ကုလကွပ်ကဲမှု ပြောဆို
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း