ပုသိမ်ကြီးမြို့နယ်၌ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် နတ်ဆိုး PDF အဖွဲ့မှ ခေါင်းဆောင်အပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိဟုဆို
NSS - ဇူလိုင် ၁၃
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် နတ်ဆိုး PDF အဖွဲ့မှ ခေါင်းဆောင် အပါအဝင် ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေထိုင်နေသည့် အမျိုးသမီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။နစကမှ ယမန်နေ့(ဇူလိုင်လ ၁၂ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဒေသခံပြည်သူများ၏ သတင်းပေးတိုင်ကြားမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ(၈) ရက်၊ နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဗလရပ်ကွက် လမ်း(၃၀)၊ ၇၇ × ၇၈ ကြားရှိ “မဟာ” ဆေးခန်း၌ နတ်ဆိုး PDF အဖွဲ့မှ ခေါင်းဆောင် ငြိမ်းချမ်းအောင် အပါအဝင် ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေထိုင်နေသည့် ပပဝင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNLA တပ်မဟာ(၂) လှုပ်ရှားမှုနယ်မြေတွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း (၃)လခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် နတ်ဆိုး PDF အဖွဲ့ကို ငြိမ်းချမ်းအောင်ခေါင်းဆောင်၍ ပပဝင်း၊ ဖမ်းဆီးရန်ကျန်ရှိနေသူ(၇)ဦး အပါအဝင် စုစုပေါင်း (၂၀)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း နစကမှ ဆိုထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု လေးကြိမ် နှင့် မိုင်းထောင်ဖောက်ခွဲမှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုရန် “နတ်ဆိုး PDF အကြမ်းဖက်အဖွဲ့” Facebook Page အမည်ဖြင့် လူမှုကွန်ရက်မှတဆင့် ငွေကြေးများကောက်ခံခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။
အလားတူ NUG ထံမှ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများကိုလည်း တောင်းခံခဲ့ကြောင်း သိရပြီး ရရှိသည့်ငွေများဖြင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်မှုများ၊ လက်နက်/ခဲယမ်းဝယ်ယူမှုနှင့် ကိုယ်ရေးကိုယ်တာကိစ္စများတွင် သုံးစွဲခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိခဲ့သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"lese-majeste law" ကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီနဲ့ ပါတီခေါင်းဆောင်ပီတ ကို စုံစမ်းစစ်ဆေးမယ်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပေဒခုံရုံး ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ