Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်မှုဇုန် နဲ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းကနေပေးတဲ့သောက နဲ့ ရှာဖွေစေလိုတဲ့အဖြေ (အင်တာဗျူး)

ကျော်နု၊ ယွန်း(NSS) - မတ် ၂၈

စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းတွင် ရှင်းလင်းတိကျမှုမရှိသော ဆင့်ခေါ်ခြင်းလုပ်ငန်းစဉ်ကြောင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ ပြည်သူများက စိုးရိမ် ကြောင့်ကြမှုများ ရှိနေသကဲ့သို့ လုပ်သား(၇)သိန်းထက်မနည်းရှိသော စက်မှုဇုန်များမှ လုပ်သားများနှင့်လုပ်ငန်းရှင်များကလည်း စိုးရိမ်ပူပန်နေကြသည်။ ယင်းအတွက်ကြောင့် စက်ရုံလုပ်ငန်းရှင်များ၏ စိုးရိမ် ပူပန်ခြင်းအခြေအနေများနှင့် နစကဘက်က လုပ်ဆောင်ပေးစေလိုသော လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များနှင့် NSS က မေးမြန်းဆွေးနွေးထားသည်။ လုပ်ငန်းရှင်လေးဦး၊ စက်မှုဇုန်ကိစ္စများကို ကိုင်တွယ်ခဲ့ဖူးသူ လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့နဲ့ ဆွေးနွေးချက်များကို မူရင်းအတိုင်း ဖော်ပြပေးမည်ဖြစ်သော်လည်း ကာယကံရှင်များ၏ဆန္ဒအရ အချို့ကိုကာကွယ်၍ ဖော်ပြပေးသွားမည်ဖြစ်သည်။

 

မေး - စစ်မှုထမ်းဥပဒေကြောင့် စက်ရုံအလုပ်သမား တွေနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေဘက်က စိုးရိမ်သော ကတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရတယ်။ ရှင်းပြပေးပါလား။


ကိုကျော်ဝင်းထွန်း (ရွှေပေါက်ကံစက်မှုဇုန်) - လက်ရှိမှာ လုပ်ငန်းရှင်တွေစိတ်ပူနေတဲ့ ပြဿနာ၊ အလုပ် သမားတွေစိတ်ပူနေတဲ့ပြဿနာပေါ့။ စိတ်ပူနေကြတာတော့ နှစ်ခုရှိတယ်။ နောက်တစ်ခါ စစ်မှု ထမ်းဥပဒေကြီးက ဘယ်လိုဖြစ်မလဲဆိုတာရယ်၊ ဒါကို ကျွန်တော်တို့က အားလုံးစိတ်ပူနေကြတယ်။ အခုဆိုရင် အဓိကစိတ်ပူနေတာက သင်္ကြန်ပြီးရင် ဘာဆက်ဖြစ်မလဲ။ ဘာဆက်ဖြစ်မလဲဆိုတာက စစ်ဖြစ်မှာတွေကို စိတ်ပူနေတာမဟုတ်ဘူး။ သင်္ကြန်ပြီးရင် ပြန်သွားတဲ့အလုပ်သမားတွေက စက်ရုံတွေ ကို ပြန်လာပါတော့မလား။ နောက်တစ်ခါ အထူးသဖြင့် နယ်မြို့ကရွာတွေမှာ စာရင်းလိုက်ကောက်တာ တွေ ရှိတယ်။ စာရင်းတွေလိုက်ကောက်တော့ မိဘတွေကကြောက်လန့်ပြီးတော့ ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းတွေကလည်းရှိတော့ သူတို့ သားသမီးတွေကို ပြန်ခေါ်ကြတယ်။ အခုဆိုရင် စက်ရုံတွေမှာ ဝန်ထမ်းတွေ ထွက်တာအရမ်းများတယ်။ ကျွန်တော့်ကုမ္ပဏီဆိုရင် အရင်က (၆)လတစ်ရာသီမှ အလုပ်သမား (၂)ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းပဲထွက်တာ။ ကျွန်တော်တို့လုပ်ငန်းရဲ့သဘာဝအရ ဝန်ထမ်း မမြဲရင် ကျွန်တော်တို့ အဆင်မပြေဘူး။ ဝန်ထမ်းတစ်ယောက်ကို ကျွန်တော်တို့ခန့်လိုက်တာနဲ့ ချက်ချင်းသုံးလို့မရသေးဘူး။ အနည်းဆုံး (၃) လကနေ (၆) လအထိ လစာကို အလကား ပေးထား ရသလိုပဲ လေ့ကျင့်ပေးရတယ်။ တဖြည်းဖြည်းနဲ့ သူတို့က လက်သားကျလာတော့မှ ကျွန်တော်တို့ အတွက် အကျိုးအမြတ်ကဖြစ်လာတာ။ အဲဒီတော့ ကျွန်တော်တို့လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေကို အဆုံးရှုံးမခံနိုင်ဘူး။ လက်ရာကောင်းတဲ့စက်ရုံတွေ၊ အမြတ်အစွန်းရှိတဲ့ စက်ရုံတွေဆိုတာ ဝန်ထမ်းမြဲတဲ့စက်ရုံတွေပဲ။ အခုကျတော့ ဝန်ထမ်းထွက်တာတွေများလာတော့ ကျွန်တော်တို့အနေနဲ့‌ တော်တော်လေးအဆင်မပြေဖြစ်တယ်။ 


Ms.Molly (မှော်ဘီစက်မှုဇုန်) - လက်ရှိအခြေအနေအရ လူစုလို့မရဘူး။ ဝန်ထမ်းတွေက ထွက်ကုန် တယ်။ ပြန်စုတာက စုလို့မရဘူး။ မလာဘူး။ များသောအားဖြင့် နယ်ကိုပြန်ကုန်ကြတယ်။ နယ်ကိုပြန်တာ ထက်ပိုဆိုးတာက မိဘအိမ်ကိုပြန်တာက လက်ခံလို့ရတယ်။ အကုန်လုံးက နယ်စပ်ထွက်ပြေးကုန်ကြတာ။ နယ်စပ်ကနေပြီးတော့ မရရတဲ့နည်းနဲ့ နိုင်ငံခြားကို ထွက်ဖို့ကြိုးစားတယ်။ အဲဒီတော့ ကုမ္ပဏီရဲ့ လက်ရှိ အခက်အခဲက သင်္ကြန်ပြန်ဖွင့်တဲ့အခါကျရင် လက်ရှိ ရှိတဲ့ဝန်ထမ်းတွေကော ပြန်လာပါ့မလား။ နံပါတ်(၂) လက်ရှိ ရှိတဲ့ဝန်ထမ်းတွေပြန်မလာရင် လက်ရှိယူထားတဲ့အော်ဒါတွေကိုချုပ်ဖို့ အချိန်မီပါ့မလား။ အချိန်မီ ရင်တောင်မှ အရင်လိုမျိုး ဆက်ပြီးလည်ပတ်နိုင်ပါဦးမလား။ နောက်တစ်ခါ Next Season အတွက် အော်ဒါ ကို ထပ်ယူဖို့ကို အရမ်းစဉ်းစားရတော့မယ်။ ကျွန်မတို့မှာ သတ်မှတ်ထားတဲ့နေ့မှာမပြီးရင် လျော်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ချုပ်ခရတာမှ တစ်ထည်ကို တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ ပဲရတယ်။ နှစ်ဒေါ်လာ ဝန်းကျင်ဆိုတာ အများဆုံးပဲ။ ကျွန်မတို့ပြန်လျော်ရတဲ့ အခါကျရင် တစ်ထည်လုံးစာလျော်ရတာ။ ဥပမာ- ဒီအင်္ကျီကို (၁၀) ဒေါ်လာနဲ့ ဂျပန်မှာရောင်းတယ်။ ပြန်လျော်တဲ့အခါဆိုရင် အဲဒီ (၁၀) ဒေါ်လာကို ကျွန်မတို့ လျော်ရတယ်။ ကျွန်မတို့အတွက်က တော်တော်လေး ကို စိတ်ပူစရာဖြစ်နေတယ်။ ဒါကတော့ ကုမ္ပဏီကို အရမ်းစိတ်ပူနေတဲ့အချက်ပေါ့။ 


Liu Wei (လှိုင်သာယာစက်မှုဇုန်) - နိုင်ငံတော်ကို ကာကွယ်ဖို့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းတာကို ကျွန်တော်အားလုံးနားလည်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်တွေမှာလည်း ပြဋ္ဌာန်းထားတယ်။ ထိုင်ဝမ် နိုင်ငံမှာဆိုပိုဆိုးတယ်။ကျွန်တော်တို့အနေနဲ့ စစ်မှုထမ်းဥပဒေအ‌ပေါ်မှာ ကောင်းကောင်းနားလည်ပါတယ်။  ဒါပေမဲ့ စစ်မှုထမ်းဥပဒေဆိုတာ ဘာလဲဆိုတာ မြန်မာနိုင်ငံသားတွေကိုယ်တိုင် နားမလည်ပါဘူး။ ပြဋ္ဌာန်း ထားတဲ့ဥပဒေကို ရှင်းရှင်းလင်းလင်း တိုင်းသူပြည်သားတွေနားလည်အောင် နောက်တစ်ခါ နိုင်ငံခြားသား လုပ်ငန်းရှင်တွေနားလည်အောင် အစိုးရအနေနဲ့ ထုတ်ပြန်ထားခြင်းမရှိဘူး။ အခုကလည်း  Facebook မှာ ရေးတာလောက်ကို ဖတ်ကြတယ်။ တရားဝင်ထုတ်ပြန်တဲ့ အမိန့်ကြေညာစာတမ်းတွေကျရင် နှစ်ကြောင်း လောက်ဖတ်ပြီး ပစ်ထားလိုက်ရော။ ကျော်ပစ်လိုက်ရော။ အဲဒီအပေါ်မှာ အဓိကနားမလည်တာပဲ။ နိုင်ငံ တော်အစိုးရအနေနဲ့ လူတွေအဓိက နားလည်အောင် ပညာပေးတွေ ဘာတွေလုပ်ပေးသင့်တာပေါ့။ အခုက ဘာမှမလုပ်ပေးဘူး။အဲဒီလိုဆိုတော့ လူထုအနေနဲ့လုံခြုံစိတ်ချမှုမရှိတော့ဘူး။ ဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံစိတ်ချမှုမရှိတော့ဘူး။ အဲဒါကြောင့်မလို့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်- မြန်မာ နယ်စပ်၊ ထိုင်း- မြန်မာနယ်စပ်ကို ပြေးကြတဲ့လူတွေများတယ်။ အခြေခံလူတန်းစားတွေပေါ့။ ကျွန် တော်တို့ကုမ္ပဏီမှာလည်းရှိတယ်။ ရုံးဝန်ထမ်းတွေဆို အလယ်တန်းစားလောက်ရှိတယ်လေ။ အဲဒီလူတွေ ကတော့ ဂျပန်တို့၊ စင်ကာပူတို့ကို သွားဖို့ ကြိုးစားကြတယ်။ နောက်တစ်ခါ ဝန်ထမ်းကလေးတွေဆီကနေ ပြန်ကြားရတာတွေရှိတယ်။ ဘာလဲဆိုတော့ သင်္ကြန်ပြီးတာနဲ့ နယ်မှာရှိတဲ့မိဘတွေဆီကို ပြန်ပြီးရင် မိဘ ကိုနှုတ်ဆက်ပြီးတာနဲ့ နိုင်ငံခြားကိုသွားတော့မယ်။ ထိုင်း- မြန်မာနယ်စပ်တို့၊ တရုတ်- မြန်မာနယ်စပ်တို့ အခုလောက်ကိုင်ဆိုရင် ပြန်ခေါ်နေပြီကြားတယ်။လောက်ကိုင်ကိုသွားချင်နေတဲ့သူတွေလည်းရှိကြတယ်။ အဓိကက ရန်ကုန်မှာရှိနေတာကိုက သူတို့အတွက်ဘဝလုံခြုံမှုမရှိတော့ဘူးလို့ သူတို့ခံစားကြရတယ်။ နောက်တစ်ခါ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးကို အထောက်အပံ့ပြုထားတဲ့ ထောက်တိုင်ကြီးတွေ အများ ကြီးရှိတယ်။စက်မှုလက်မှုလုပ်ငန်းတွေ၊စိုက်ပျိုးရေးလုပ်ငန်းတွေအများကြီးရှိတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေလည်းရှိတယ်။ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေအများဆုံးရှာ ပေးနေတဲ့လုပ်ငန်းက အထည်ချုပ်လုပ်ငန်းပဲ ရှိပါတယ်။ ကျောက်မျက်ရတနာဆိုတာလည်း နိုင်ငံတော် အစိုးရက တရားဝင်အခွန်ရရှိမှုဆိုတာ ခိုးထွက်တာနဲ့ယှဉ်ရင် အရမ်းနည်းတယ်။ အထည်ချုပ်တွေ မြန်မာ ပြည်မှာလာပြီး ရင်းနှီးကြတယ်။ မြန်မာပြည်မှာ အသက်ငယ်တဲ့ဝန်ထမ်းများတယ်။ လုပ်ခလစာ သက်သာ တယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံကြတာ။ အဲဒီနှစ်ခုလုံးထဲက တစ်ချက် ချက် ယိုယွင်းပျက်စီးသွားပြီဆို လာပြီး ရင်းနှီးမြှုပ်နှံနေတဲ့အဓိပ္ပာယ်က ဘာမှမရှိတော့ဘူး။ အခုဆိုလည်း လစာတိုးပါတယ်။ တရားဝင်ပြဋ္ဌာန်းပေးထားတာက ၄၈၀ဝ ကျပ်။ တကယ့်တကယ် ကျွန်တော်တို့ပေးနေ တာက ၇၉၀ဝ ပေးတယ်။ ကျွန်တော်တို့ဆီက ဝန်ထမ်းတစ်ယောက်ရဲ့လစာက အနည်းဆုံးတစ်လကို ၃၅၀ဝဝဝ ကနေ ၄၀ဝဝဝ ကြားမှာရှိတယ်။ အနိမ့် ဆုံးဝန်ထမ်းတစ်ယောက်ပေါ့။ ဒါပေမဲ့ အဲဒီဝန်ထမ်း တစ်ယောက်ရဲ့နေ့လယ်စာ ထမင်းဘူးကိုဖွင့်ကြည့်ရင် ဘဲဥတစ်ခြမ်းပဲပါတယ်။ ကျွန်တော်တို့အနေနဲ့ကော တိုးမပေးချင်ဘူးလား။ တိုးပေးချင်တာပေါ့။ ဒါပေမဲ့ အပြင်မှာပေါက်နေတဲ့ ဒေါ်လာပေါက်ဈေး ၃၆၀ဝ။ ကျွန်တော်တို့ကိုဖြတ်ချတာက ၂၈၀ဝ နဲ့ ၂၉၀ဝ မှာရှိတယ်ဆိုတော့ ကျွန်တော်တို့ တိုးပေးနိုင်တဲ့ အခြေအ နေမရှိဘူး။ မီးပြဿနာကလည်း တော်တော်လေးအခြေ အနေဆိုးတယ်။ မမြင်ရတဲ့ကုန်ကျစရိတ်တွေများ လွန်းတဲ့အတွက် မတိုးပေးနိုင်တာပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့က ပြန်ထွက်သွားရတော့မှာလား။ အလုပ် သမားမရှိရင်တော့ ပြန်ထွက်သွားဖို့ပဲရှိတော့တယ်။ ဘာမှလုပ်ဖို့ နည်းလမ်းမရှိတော့ဘူး။ 


မေး - သင်္ကြန်ကာလအတွက်ကို စိုးရိမ်တယ်ဆိုတာကို အကျယ်တဝင့်ပြောပြပေးပါလား။


ကိုကျော်ဝင်းထွန်း - အရင်နှစ်တွေလည်း ဒါမျိုးတွေက နှစ်တိုင်းရှိကြပါတယ်။ သင်္ကြန်ပြီးသွားရင် ဥပမာ-ကျွန်တော်စက်ရုံနားမှာ နောက်ထပ်စက်ရုံ တစ်ခုက လာဖွင့်ထားတယ်။ စဖွင့်ပြီဆိုရင် အထည် ချုပ်တွေရဲ့ထုံးစံက လစာကိုအရမ်းပေးပစ်ကြတယ်။ ပေးပြီးတော့ လူခေါ်ပြီးတော့မှ အဲဒီထဲကနေ ဆန်ခါ တင်ပြန်ရွေးလိုက်တာပေါ့။ (၃)လအတွင်း ပြန်ဖြုတ်ချ ခွင့်ရှိတယ်။ ပုံမှန်ကတော့ တစ်နှစ်ကို တစ်ခါ လောက် တော့ရှိတယ်။ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာလည်း ရှိသလို မဖြစ်တဲ့နေရာလည်းရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကိုတော့ အကုန်လုံးပိုပြီးတော့ စိတ်ပူတယ်။ ဘာဖြစ်လို့ ပိုပြီးစိတ်ပူလဲဆိုတော့ အရင်တုန်း ကဆိုရင် သူ့စက်ရုံဆို(မှော်ဘီ) လူ(၁၀ဝဝ)လောက်ရှိတယ်။ အခုဆိုရင် (၄၅၀)ပဲရှိတော့တယ်။ အထည် တွေကို ဘယ်လိုမှ သူမနိုင်တော့ဘူး။ အထည်ကို မချုပ်နိုင်ဘူး။ (လှိုင်သာယာ)သူ့ဆီမှာဆိုရင် (၆၀ဝ) ပဲ ကျန်တော့တယ်။ တစ်လကို (၁၀) ရာခိုင်နှုန်းထွက် ထွက်ကုန်တာ။ နှစ်လ၊ သုံးလအတွင်းကို ဖြစ်သွား တာ။ အရင်တုန်းက ၁၀ ရာခိုင်နှုန်းထွက်သွားရင် ၁၀ ရာခိုင်နှုန်းပြန်ဝင်လာတယ်။ အခုက ပြန်ဝင် မလာတော့ ကျွန်တော်တို့က ဒုက္ခရောက်တယ်။ ကျွန်တော်တို့ အဓိကစိုးရိမ်တာက သင်္ကြန်ပြီးရင် ဘာတွေဖြစ်ကုန်ကြမှာလဲ။ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒီနိုင်ငံမှာလုပ်လို့မရရင် တခြားနိုင်ငံ သွားရှာမှာပဲ။ ကျန်ခဲ့တဲ့ မြန်မာပြည်က ဝန်ထမ်းတွေက ဘာဆက်ဖြစ်ကုန်မလဲ။ 


မေး - စစ်မှုထမ်းဥပဒေထွက်တဲ့အချိန်မှာ အထည် ချုပ်လုပ်ငန်းရှင်များအသင်းလည်းရှိတယ်။ သက်ဆိုင် ရာဝန်ကြီးဌာနတွေလည်းရှိတယ်။ သူတို့နဲ့ကော အပြန်အလှန်စကားပြောကြည့်လား။ သူတို့ဘက်က ကော ဘာတွေတုံ့ပြန်တာရှိလဲ။ 


ကိုကျော်ဝင်းထွန်း - မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ကျွန်တော်တို့ သတင်းမပို့ ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သတင်းပို့လည်း ဘာမှမလုပ်ပေးပါဘူး။ ဒီကိစ္စတစ်ခုတည်းမှ မဟုတ်ဘူး။ အရင်တည်းက ဒီတိုင်းပဲ။ ဘာဆိုဘာမှ မလုပ်ပေးဘူး။ စက်မှုဝန်ကြီးဌာနအနေနဲ့လည်း အကြောင်းကြားတာမျိုးမရှိပါဘူး။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဆိုတာက သူတို့ခေါင်းထဲမှာရှိတာ က Import၊ Export မှာ လက်မှတ်ထိုးပေးမယ်။ နှစ်စဉ်ကြေးကောက်မယ်။ ကျွန်တော်လုပ်ချင်လို့ ပြောနေတာလည်း မဟုတ်ဘူး။ လုပ်လည်းမလုပ်နိုင်ဘူး။ တကယ်အထည်ချုပ်လုပ်ငန်း လုပ်တဲ့သူတစ် ယောက် အိပ်ချိန်တောင်မှ (၆) နာရီလောက်ပဲရှိတာ။ အရမ်းပင်ပန်းတယ်။ ဝန်ထမ်းတွေတင် ပင်ပန်းတာ မဟုတ်ဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်တောင် ချာချာလည်နေတာ။ လုပ်ငန်းရှင်များအသင်းမှာသွားပြီးတော့ ထိုင်ပြီး ဆရာကြီးလုပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။


မေး - ဒါဆိုရင် လက်ရှိတည်ဆဲအစိုးရကို စစ်မှု ထမ်းဥပဒေနဲ့ဆက်စပ်ပြီး လုပ်ငန်းရှင်တွေဘက်က စိတ်ပူနေတာကို တစ်ခုခုပြောရရင် ဘာလုပ်ပေးစေ ချင်လဲ။

Ms.Molly - ကျွန်မအနေနဲ့ပြောရရင်တော့ နှစ်ချက်ရှိတယ်။ စစ်မှုမထမ်းမနေရဆိုတာကို နား လည်တယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေကိုနားလည်အောင် နိုင်ငံတော်ကနေပြီးတော့ ရှင်းပြပေးစေချင် တယ်။ စက်ရုံတွေမှာလာပြီးတော့ ရှင်းပြပေးစေချင်တယ်။ ဒီလို ဒီလို အခြေအနေတွေကြောင့်မှသာလျှင် စစ်မှုထမ်းရမယ်။ နိုင်ငံတော်ရဲ့ထောက်တိုင်တွေဖြစ်တဲ့ စီးပွားရေးကဏ္ဍတွေမှာပါတဲ့လုပ်ငန်းတွေမှာ အ လုပ်လုပ် နေတဲ့လူတွေကို အတတ်နိုင်ဆုံးသက်သာခွင့်ပေးမယ်တို့၊ လုံးဝမသက်သာဘူးဆိုရင်တောင် ချက်ချင်းမဟုတ်ဘူးဆိုတာမျိုးကိုပေါ့။အခုလည်း ချက်ချင်းကြီး မဟုတ်ပါဘူး။ သူတို့လည်းမခေါ်နိုင်ပါဘူး။ ကြေညာထားပါတယ်။ တစ်နှစ်မှလူ(၆၀ဝဝဝ)ပါ။ နေရာလည်းမရှိပါဘူး။ ဒါပေမဲ့ အကုန်လုံးထင်နေတာက မနက်ဖြန်ပဲလာခေါ်တော့မလိုလိုဖြစ်နေတာ။ နောက်တစ်ခါ ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလတွေ ပေါ့။ ကျွန်မတို့ဖြစ်စေချင်တာက ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဆင့်လောက်ကို မလွှတ်ပါနဲ့ အလကားပဲ။ လာမယ်ဆိုရင် တပ်ကလူကြီး ဗိုလ်ကြီး၊ ဗိုလ်မှူးလောက်အဆင့် ဆိုရင်ကိုရတယ်။ သေချာလာပြီးရှင်းပြ။ ဒါမျိုးကိုဖြစ်စေချင်တာ။ အဲဒါကိုလည်း record ယူပြီးတော့ နိုင်ငံတော်မီဒီယာတွေမှာ တရားဝင်ထုတ်လွှင့် ပေး။ ဒါဆိုရင် ဝန်ထမ်းတွေအနေနဲ့ အနည်းငယ်စိတ်သက်သာရာရမယ်။ အခုကတော့ ဘယ်သူမှလည်း လာမပြောဘူး။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက လာပြောလည်း ဘယ်သူမှမယုံဘူး။ စစ်တပ်ယူနီ ဖောင်းဝတ်ပြီးသာလာခဲ့။ဗိုလ်ချုပ်အဆင့်တွေ၊တိုင်းမှူးအဆင့်တွေလာဖို့မလိုပါဘူး။ကျွန်တော်တို့ တောင်း ဆိုတာက ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်လောက်တွေလာ၊ ယူနီဖောင်းဝတ်ပြီး သေချာစကားပြောပေး။ ဒါဆိုရင် လူ တွေစိတ်ထဲမှာ အနည်းငယ်သက်သာရာရမယ်။ 


မေး - အစိုးရအနေနဲ့က စက်မှုဇုန်တွေ၊ လုပ်ငန်း ကုမ္ပဏီအကြီးကြီးတွေကို ဝန်ထမ်းစာရင်းဇယားတွေ ယူပြီးတော့ ဒီလူတွေကတော့ စစ်မှုထမ်းမှာ ပထမ အသုတ်မှာ ကင်းလွတ်ခွင့်ပြုထားတယ်ဆိုတဲ့ ဟာမျိုး တွေ ညှိနှိုင်းလိုက်ရင်ကော ထွက်ပေါက်တစ်ခုဖြစ်လာမလား။

ကိုကျော်ဝင်းထွန်း - ဒါကတော့ အကောင်းဆုံး ထွက်ပေါက်ပဲ။ အဲဒါမျိုးလုပ်ပေးရင်တော့ ကျွန်တော် တို့အတွက် အကောင်းဆုံးပဲ။ ဒါပေမဲ့ လုပ်ပေးမှာတော့ မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ အဲဒါမျိုးလုပ်ပေးလိုက်ရင် ကျွန်တော်တို့ လူရှာစရာမလိုတော့ဘူး။ သူ့ဘာသာ သူကို လာတော့မှာ။ 

ဒေါ်စန္ဒာမင်း - UMFCCI ဥက္ကဋ္ဌတွေက လုပ်ပေးရတော့မှာ။ UMFCCI ကတော့ အသင်းဖြစ်တဲ့အတွက် သူ့အောက်မှာလည်း အသင်းတွေအများကြီးရှိတယ်လေ။ ဒီအထည်ချုပ်ဆိုတာကလည်း အသင်းတစ်ခုပဲ။ ဒီဥက္ကဋ္ဌတွေက သိရတော့မယ်လေ။ သူတို့ကအလုပ်သမားကဏ္ဍ‌တွေလည်း ကိုင်ထားတာဖြစ်တဲ့အတွက် သူတို့ ဘယ်လိုလုပ်တော့မလဲဆိုတဲ့ ဟာမျိုးကိုပြောစေချင်တယ်။ ထားပါတော့ အစိုးရဝန်ထမ်းဆိုရင် သူ့ ဘာသာသူ အလှည့်ကျ ပါပါ မပါပါပြဿနာမရှိဘူး။ အစိုးရကဏ္ဍဘက်ကိုမကြည့်ဘဲနဲ့ ပုဂ္ဂလိက ကဏ္ဍ ဘက်ကိုကြည့်မယ်ဆိုရင်ညှိနှိုင်းရမယ့်အချက်ဖြစ်တယ်။ အသင်းတွေရဲ့ ဥက္ကဋ္ဌတွေနဲ့စကားပြောရတော့မှာ။UMFCCI အောက်မှာ ကဏ္ဍတွေအများကြီးဖွဲ့ထားတယ်။ ဒီအသင်းလုပ်ငန်း ရှင်ကြီးတွေက အစိုးရနဲ့ ‌ဆွေးနွေးဖို့လိုအပ်တယ်။ အလုပ်သမားတွေ အလုပ်မပြုတ်သွားအောင်၊ နိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းအင်အား မကျဆင်းအောင်တော့ စကားပြောဖို့လိုအပ်ပြီဆိုတာကို ခေါင်းထဲကိုထည့်ဖို့ လိုပြီ။ ခုချိန်ထိ သူတို့က တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့လုပ်နေကြတာလေ။ စက်ရုံတွေတစ်ခုချင်းစီကလည်း အစိုးရကို ပြောလို့ မရဘူး။ အသင်းတွေကပဲ ဦး‌ဆောင်ပြီးပြောရမှာ။ ဝန်ကြီးဌာနအောက်မှာဆိုရင် အသင်းကပဲ ဦးဆောင်ပြီး ပြောရတာ။ လုပ်ငန်းရှင်တွေရဲ့ အသင်းဥက္ကဋ္ဌတွေမှာ တာဝန်ရှိတယ်ဆိုတာ ခေါင်းထဲကိုထည့်ထားပါ။ အ လုပ်သမားတွေ နိုင်ငံခြားကို ဒီလောက်ထွက်ပြေးတယ်ဆိုတာ အသင်းဥက္ကဋ္ဌတွေ ညံ့လို့။ တိုင်းပြည်မှာ မူဝါဒ တစ်ခုပြောင်းပြီဆိုရင် ဒီမူဝါဒနဲ့ ကိုယ့်အောက်မှာရှိတဲ့လူတွေနဲ့ တကယ်ကိုက်ညီမှုဖြစ်လား မဖြစ် လားဆိုတာကို မူဝါဒကတော့ ပြဋ္ဌာန်းလိုက်ပြီ ဒါကို ပြန်ရုပ်သိမ်းလို့မရဘူး။ ဒါပေမဲ့ ဘယ်လို အဆင်ပြေ အောင်ဆက်သွားမလဲဆိုတာတော့ တာဝန်ခံပြီးတော့ ဦး‌ဆောင်ပြီးပြောရမယ်၊ ညှိရမယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတော့မယ်ဆိုရင် အစိုးရိမ်ဆုံးကတော့ တိုင်းပြည်ရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့အလုပ်သမားတွေ၊ တခြားဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကြောက်လန့်ပြီးတော့ နိုင်ငံခြား တွေကို ထွက်ပြေးသွားတယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ကုန်ထုတ်လုပ်ငန်း ဘယ်လောက်ကျမယ်ဆိုတဲ့ဟာကို သက်ဆိုင်ရာလူကြီးမင်းတွေသိဖို့လိုအပ်တယ်။ သတိပြုဖို့လိုအပ်တယ်ဆိုတာကို ကျွန်မပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့အခုကုန်ထုတ်လုပ်ငန်းတွေမှာအလုပ်နဲ့အကိုင်နဲ့လုပ်ကိုင်နေတဲ့လူငယ်တွေ အားလုံး ဟာ အခုအချိန်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သူတို့ကိုသက်သာခွင့်ပေးဖို့ လိုအပ်တယ်။ ဒါ့ပြင် တခြားအသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ လည်း သူတို့ကို ပြည်သူ့စစ်မှုထမ်းဥပဒေကနေ အခုချိန်မှာ သက်သာခွင့်ပေးဖို့လိုအပ်တယ်။ အခုပထမ ဆုံးအကြိမ်မှာရော၊ ဒုတိယအကြိမ်မှာရော၊ တတိယအကြိမ်တွေမှာလည်း သူတို့ဟာပါဖို့မသင့်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍရဲ့ ထောက်တိုင်တစ်ခုမှာလုပ်နေတဲ့လူတွေဟာ သူတို့မှာ အမှန်တကယ် ဝန်ထမ်းတွေအနေနဲ့ အလုပ်တွေရှိနေတယ်ဆိုရင် သူတို့ကိုလောလောဆယ်မှာ တော့ သက်သာခွင့်ပေးသင့်တယ်။ ကျွန်မတို့ တိုင်းပြည်ဟာ စီးပွားရေးကို ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ အချိန်တစ်ခုရောက်ရင်တော့ အဲဒီဥပဒေအရ အသက်(၄၀)မပြည့်ခင်အချိန်အထိ တစ်ချိန်ချိန်မှာတော့ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာတော့ နားလည်ပါတယ်။ ဒါပေမဲ့ အခုလို ကာလမှာတော့ နိုင်ငံရဲ့အကြီးအကဲတွေအနေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်ပြီးတော့ထွက်ပြေးမသွား‌အောင် စက်ရုံ၊ အ လုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဝန်ထမ်းတွေ ကြောက်ရွံ့မသွားအောင်၊ နိုင်ငံခြားကို ထွက် ပြေးသွားတာတွေမဖြစ်အောင် သတိထားဖို့လိုအပ်တယ်။ ဒါတွေအားလုံးကို အခုချိန်မှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ ခေါ်ဆောင်တယ်ဆိုတဲ့ဟာမျိုးတွေကို မလုပ်ဖို့လိုအပ်တယ်။ ဒါမှသာလျှင် ကျဆင်းနေတဲ့ ကုန် ထုတ်လုပ်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ မကျသွားဘူးဆိုတာကို ကျွန်မအနေနဲ့မြင်ပါတယ်။ ဒါကိုလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ စဉ်းစား ဆုံးဖြတ်နိုင်စေဖို့ အကြံပြုတင်ပြချင်ပါတယ်။ 


မေး - စက်မှုဇုန်ကလူတွေ စိတ်ပူနေတာလေး ပြောပြ ပါဦး။ အလုပ်သမားဝန်ကြီးက လာရှင်းပြတယ်လို့ လည်းကြားတယ်။ 

စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦး (လှိုင်သာယာ) - ဝန်ကြီး နှစ်ခေါက်၊ သုံးခေါက်ရှိပြီလာတယ်။ ဒီကိစ္စတွေကို ထုတ်ဖော်မပြောပါနဲ့လို့ပြောတယ်။ ကျွန်တော်ပြောတာက ဒါတရားဝင်လုပ်တဲ့ကိစ္စလေ။ တရားဝင်အသိ ပေးရမယ့်ကိစ္စကို အသိမပေးခိုင်းဘူး။ တိုးတိုးတိတ်တိတ်လုပ်ပါတဲ့။ တစ်ခါတလေ ကျတော့လည်း ပြောင်းပြန်တွေဖြစ်နေသလားလို့။ ကျွန်တော်တို့မှာ ဒီလူတွေကို ထိန်းထားလိုက်ရတာ ဗျာ။ ရန်ကုန်တိုင်း စက်မှုဇုန် (၂၉)ဇုန်မှာ လူ(၇၀ဝဝဝဝ)(၈၀ဝဝဝဝ) ရှိတယ်။ ကျန်ခဲ့တဲ့ဖေဖော်ဝါရီက ဗိုလ်ချုပ်မှူးကြီး လာတယ်လေ။ ခင်ဗျားတို့ထိန်းထားပေးလို့ ဒီလူတွေငြိမ်နေတာလို့ပြောတယ်။ လှိုင်သာယာကို ပို တိုးတက်အောင်လုပ်ပေးမယ်လို့ သူပြောလာတယ်။ ကျွန်တော်တို့ကတော့ ဝမ်းသာနေတာပေါ့။ စက်မှုဇုန် တွေဖွံ့ဖြိုးတော့မယ်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးလာတယ်။ စက်မှုကုန်ကြမ်းတွေသွင်းခွင့်ပေးလာပြီ။ အလုပ် သမားတွေအလုပ်တွေရအောင်ကျွန်တော်တို့လုပ်လိုက်တဲ့အခါကျတော့ အော်ဒါတွေအလျှံပယ်ဖြစ်လာပြီ။ စက်ရုံတစ်ရုံ ကို (၄၀ဝ)(၅၀ဝ)(၁၀ဝဝ) အလုပ်သမားတွေလိုလာကြပြီ။ ကျွန်တော်တို့စက်မှုဇုန်မှာဆိုရင် ဆိုင်းဘုတ်တွေအကြီးအကျယ်ပဲ။ ဘာကြောင့်လဲ အော်ဒါ ကောင်းတာကို။ ဘင်္ဂလားဒေ့ရှ်မှာ ပြဿနာ တက်လိုက်တဲ့အခါကျတော့ အဲဒီမှာက အလုပ်သမားခကို နှစ်ဆတိုးတောင်းတယ်လေ။ အဲဒီလိုမျိုးတွေ ရှိတော့ အော်ဒါတွေက ဒီဘက်ကိုဆင်းလာတာပေါ့။ ကျွန်တော်တို့က လုပ်လာတာ နှစ်(၂၀)(၃၀)ရှိနေပြီ။ ကျွန်တော်တို့အပိုင်း ကျွန်တော်တို့ တာဝန်ယူပြီးတော့ တိုးတိုးတိတ်တိတ်နဲ့လုပ်နေကြတာပေါ့။ အခု ဘယ် လောက်ထိ ဆိုးလာလဲဆိုတော့ Made in Myanmar တောင်တပ်ခွင့်မပေးတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျပ်လာပြီ။ နိုင်ငံခြားကနေပြီးတော့  Made in Myanmar လို့ အော်ဒါတပ်ခွင့်မပေးဘူး။ တခြားနိုင်ငံ တံဆိပ်နဲ့ တပ်ပြီးချုပ်နေရပြီ။ တချို့စက်ရုံတွေပေါ့။ အဓိကက နိုင်ငံရေးကိုနွယ်ပြီး ဒုက္ခပေးတဲ့ကိစ္စတွေက ကျွန်တော်တို့က တိုးတိုးတိတ်တိတ်နဲ့ဖြေရှင်းနေကြတာလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အလုပ်သမားတွေကို ခေါင်းစဉ်တပ်ပြီးလုပ်တဲ့အခါကျတော့ အလုပ်သမားတွေပါလာတော့ ဟိုဘက်က လည်း ယတိပြတ်မလုပ်ရဲဘူး။ ဒီအခွင့်အရေးလေးပေါ်မှာ ကျွန်တော်တို့ကပျော်နေတဲ့အချိန် ဒီဟာကြီး လုပ်ချလိုက်တဲ့အခါကျတော့ ရှိသမျှ‌‌ယောကျာ်းမှန်သမျှက ခက်ပြီလေ။ ဟိုနေ့ကတော့ သဘောတူညီ ချက်တစ်ခုရလိုက်တယ်။ နိုင်ငံသားကတ်ရယ်၊ အလုပ်သမားကတ်ရယ်၊ ကုမ္ပဏီကပေးတဲ့ကတ်ရယ် ကတ် သုံးကတ်ကို အမြဲထည့်ထားပါ။ အဲဒီသုံးကတ်ရှိတဲ့သူကို ကာကွယ်ပေးမယ်ဆိုပြီးဖြစ်လာတယ်။  ဝန်ကြီး ကိုယ်တိုင်ပြောတယ်။ အလုပ်သမားဝန်ကြီးပြောတာ။ သူကဗဟိုကော်မတီမှာ သူပါတယ်။ စစ်မှုထမ်း ဥပ ဒေရဲ့ စစ်သားစုဆောင်းရေးထဲမှာသူလည်းပါတယ်။ ဒုဝန်ကြီးကလည်း အဖွဲ့ဝင်အနေနဲ့ပါတယ်။ ဝန်ကြီး ကတော့ ဗဟိုကော်မတီမှာ ပါတာပေါ့။ အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့သူတွေ၊ နောက်ပညာတတ်တွေ ကို ခဏပေါ့။ ဒါပေမဲ့ အောက်မှာက ထင်တိုင်းကြဲနေကြတာလေဗျာ။ အပေါ်ကခိုင်းတဲ့အတိုင်း လုပ်ရတဲ့ အခါကျတော့  တချို့ကလည်း တစ်စိတ်ကိုတစ်အိတ်လုပ်တဲ့အခါကျတော့ ပိုဆိုးကုန်တာ။ အကုန်လုံး ပွက်လောတွေရိုက်ပြီး မိဘတွေ အိပ်မပျော်စားမရတွေဖြစ်နေတာ။ ကျွန်တော်တို့စက်မှုဇုန်မှာဆို တစ်နေ့ တစ်နေ့ ဒါပဲရှင်းနေရတာ။ ကျွန်တော် ကြောက်တာကတော့ ခါတိုင်းနှစ်တွေလိုပဲ သင်္ကြန်ပြန်ပြီးတော့ ပြန်မလာတော့တဲ့အခါကျရင် အကုန်လုံးငုတ်တုတ်မေ့ကုန်မှာပဲစိုးတာ။ မိဘတွေက အရမ်းစိုးရိမ်ကြ ပြီ လေ။ကျွန်တော်တို့ကတော့ စက်မှုဇုန်တွေမှာလုပ်နေတဲ့အကြောင်း စက်မှုဇုန်ထောက်ခံချက်တွေ တောက် လျှောက်ပေးနေရပြီ။ ဒါလေးတွေပေးရင်းနဲ့ သွားဖို့လာဖို့ဖြစ်တဲ့အခါကျတော့ သင်္ကြန်ဆိုရင် ပြန်ကြပြီလေ၊ ကျွန်တော်တို့ဓလေ့က။ ကိုယ့်မိဘဆီကို ပြန်ကန်တော့ကြတဲ့အခါကျတော့ လမ်းမှာလည်း ချောချော မွေ့မွေ့ဖြစ်အောင် ပြီးရင်လည်း ချောချောမွေ့မွေ့ပြန်လာလို့ရအောင်ကို နည်းလမ်းပေါင်းစုံတော့ လိုက်ပြီး လုပ်နေရတယ်။ ၁၀ဝ ရာခိုင်နှုန်း တာဝန်ယူမလားဆိုတာကျတော့ ကျွန်တော်တို့လည်း မပြောရဲဘူး။ ကျွန် တော်တို့မှာ တော်တော်တော့ ဒုက္ခရောက်နေတာလေ။ နိုင်ငံသားကတ်ရယ်၊ အလုပ်သမားကတ်ရယ်၊ ကုမ္ပဏီကပေးတဲ့ကတ်ရယ် ကတ်သုံးကတ်ကိုတော့ ဘယ်သွားသွားဆောင်ထားပါ။ အဲဒီသုံးကတ်ရှိရင် တော့ လက်လွတ်စပယ်မလုပ်ပါဘူး။ စစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မဆန့်ကျင်ပါဘူး၊ နားလည် ပါတယ်။ ဒါပေမဲ့ ဆိုင်းငံ့အနေနဲ့လုပ်ပေးလို့ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ လမ်းမှာတွေ့တဲ့သူတွေကိုတော့ မချေမငံတော့မပြောကြနဲ့ပေါ့။ ကျွန်တော်တို့ကို စက်ရုံအလုပ်ရုံတွေမှာ လာရှင်းပြထားပါတယ်။ ကျွန် တော်တို့ နားလည်ပါတယ်။ အချိန်တန်ရင် ကျွန်တော်တို့ဝင်မှာပါလို့ပြောပေါ့။ ဆွဲချထားလို့မရဘူး။ ဝန် ကြီးကိုယ်တိုင် ကျွန်တော့်ကိုပြောတယ်။ အကုန်လုံးကိုရှင်းပြလိုက်ရမလားဆိုတော့ မလုပ်နဲ့ ပွဲဆူသွားမှာ စိုးလို့တဲ့။ ကျန်တဲ့ကိစ္စတွေတော့ သိပ်စိတ်မပူဘူးဗျာ။ ဒီတစ်ခေါက်တော့ စိတ်ပူတယ်။ စိတ်ပူတဲ့အပြင် ကျွန်တော်စိုးရိမ်တာက ဝုန်းခနဲပွင့်လာမှာကိုကြောက်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူတွေ ကစုထားတာလေ။ ရပ်ကွက်တွေမှာဖြစ်နေကြပြီလေ။ အဲဒါတွေက ဆုံမှတ်တစ်ခုရောက်လာရင် ပွင့်ထွက် သွားရင် သွေးချောင်းစီးသွားမှာ ကျွန်တော်ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အချင်းချင်း တွေမဖြစ်စေချင်ဘူး။ အမှန်က ဥပဒေတစ်ခုဆိုရင် ရှင်းပြရမယ်။ အခုက အကုန်ကွဲနေတဲ့အခါကျတော့ မဲနှိုက်လား၊ မနှိုက်လားလည်းမသိဘူး။ မင်းပါတယ် မလိုက်လို့မရဘူးဆိုတဲ့အခြေအနေပေါ့။ ရပ်ကွက်တွေ မှာလည်း ဖြစ်နေကြတယ်။ အဲဒီလိုဆိုတော့ မိဘတွေကလည်း အရမ်းစိတ်ညစ်ရတာပေါ့။ စက်ရုံတွေမှာ တော့ ကျွန်တော်တို့ကတော့ အဓိကကတော့ မန်နေဂျာတွေ၊ သူ‌ဌေးတွေကို အသေးစိတ်ပြောထားရတာ ပေါ့။ ဝန်ထမ်းတွေကို ဒီလိုလုပ်ပေးပါ။ ဖြစ်ရင်ရှင်းပါ။ ခင်ဗျားတို့ ရှင်းလို့မရရင် ကျွန်တော်တို့ လိုက်ရှင်း မယ်။ အဓိကကတော့ ပိုက်ဆံပေါ့ဗျာ။ ဒီအချိန်ကပိုက်ဆံတောင်းလို့ကောင်းတဲ့အချိန်ဖြစ်သွားပြီလေ။ ဒါပေမဲ့ တစ်ခုဖြစ်ပြီးရင် ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ နောက်တစ်ဖွဲ့လာရင် နောက်တစ်မျိုးထပ် ဖြစ်နေတာဆိုတော့ ပေးမဆုံးဘူးဖြစ်ကုန်တယ်လေ။ နည်းလမ်းပေါင်းစုံနဲ့ ဆော်ဖို့လောက် ကြည့်လာကြ တော့ လူတွေကစိတ်ထဲမှာ ခံစားချက်တွေရှိလာတယ်။ အရင်ကြားနေတဲ့ လူတွေက တစ်ဖက်ကပ်သွားရင် ပြဿနာက ပိုကြီးလာမယ်။ အကုန်ဒုက္ခရောက်ကုန်မှာ ကျွန်တော်ကြောက်တယ်။ အခုကမိဘတွေရော စိတ်ညစ်လာပြီလေ။ ကာယကံရှင်တွေကလည်း အရင်တုန်းကသူ့အလုပ်နဲ့ သူ့မိဘရှိလို့ ငြိမ်ငြိမ်လေး နေ ပေမယ့် အခုကအိမ်ပေါက်ဝထိရောက်လာပြီ။ တံခါးခေါက် ရောက်လာပြီးတော့ မလာရင်အရေးယူတော့ မယ့် ပုံစံမျိုးတွေ ခြိမ်းခြောက်လာတော့ လူတွေစိတ်က တစ်မျိုးဖြစ်ကုန်တာပေါ့။ ကျွန်‌တော့်စိတ်ထဲတော့ ဆွပေးလိုက်သလိုများဖြစ်သွားမလားပေါ့။ ဒါတွေက တိုင်းပြည်အတွက်မကောင်းဘူးလို့ ကျွန်တော်မြင် တယ်။ 


မေး - စက်ရုံတွေကကော သူတို့စိုးရိမ်တာက အလုပ်သမားတွေထွက်သွားမှာရယ်။ ပြန်မလာတော့မှာရယ် ဘယ်ဟာကို စိုးရိမ်နေကြတာလဲ။

ဖြေ - ပြန်မလာတော့မှာကိုစိတ်ပူတာပေါ့ဗျာ။ ဒီနှစ်က သင်္ကြန်ကရက်ရှည်တယ်။ (၁၂)ရက်‌လောက် ပိတ်မှာ။ တချို့လည်းကြိုပိတ်ပေးနေကြပြီ။ ညှိနေ ရတာပေါ့ဗျာ။ ကိုယ့်လူတွေပြန်လာအောင်တော့။ အဓိ ကက အော်ဒါတွေကယူပြီးပြီ။ လက်ခံထားပြီးပြီ။ ဒီဟာတွေ အချိန်မီမအပ်နိုင်ရင် လျော်ရတော့မှာလေ။ စက်ရုံတွေကကြောက်ကြတာပေါ့။ ကျွန်တော်တို့လုပ်ငန်းတွေက အလျော်အစားရှိတယ်။ အဲဒါကြောင့် မလို့ အသစ်အသစ်တွေလည်း သင်ပေးနေတာပေါ့။ အဲဒီတော့ အလုပ်သမားဝန်ကြီးက ဘယ်လောက် အထိ ဖြေလျှော့ပေးလာလဲဆိုတော့ OT ဆင်းတာကို တင်စရာမလိုတော့ဘူး။ Free လုပ်ပေးလိုက်ပြီ။ အလုပ်သမားနဲ့အလုပ်ရှင် အဆင်ပြေရင်ပြီးပြီ။ ငြိမ်အောင်သာထိန်းထား။ ဖြစ်ရင်တော့ အလုပ်ရှင်ကို အရေးယူမယ် ဒါပဲ။ အဓိကက လူတွေကလည်း ငွေလိုနေကြပြီ။ ကျွန်တော်တို့အထည်ချုပ်လုပ်ငန်း တွေက အရင်လိုမဟုတ်တော့ဘူး။ များများလုပ်နိုင်တဲ့သူက များများရလာပြီလေ။ ခိုတဲ့လူကခိုလို့ မရ တော့ဘူး။ ဒီလိုင်းမှာသူခိုနေပြီဆိုရင် ဒီလိုင်းကလူတွေက သူ့ကိုမလိုတော့ဘူး။ ကန်ထုတ်လိုက်တော့ပဲ။ ဘာကြောင့်လဲဆိုတော့ Team Work  နဲ့လုပ်ရတာလေ။ စုပေါင်းအားနဲ့ လုပ်ရတဲ့အခါကျတော့ တချို့လိုင်း တွေဆို (၄)(၅)(၆)သိန်းတွေရ ကုန်ကြပြီ။ အဓိကက လုပ်ငန်းကျွမ်းကျင်လာမှုပေါ်မှာ မူတည်ပြီးတော့ အလုပ်ကို မြန်အောင်လုပ်နိုင်လာတဲ့ ကျွန်တော်တို့လူတွေရဲ့အရည်အချင်းက သူများနိုင်ငံထက်သာတာ ဒါပဲ။ အဲဒီတော့ ဘာကြီးပဲဖြစ်ဖြစ် တိုက်ပွဲဘယ်လောက်ပဲဖြစ်ဖြစ် စက်မှုဇုန်ကတော့ ပုံမှန်လေးပဲ သွား နေတာ။ အခုဒီဂယက်က စက်မှုဇုန်ကိုတည့်ထိတဲ့သဘော ဖြစ်နေတယ်။ သူတို့ခေါ်မယ့် လူငယ်လူရွယ်က စက်မှုဇုန်မှာ အပြည့်ဖြစ်နေတယ်။ စက်ရုံထဲလာခေါ်တာတော့မရှိဘူး။ ရပ်ကွက်မှာနေတဲ့သူတွေ၊ နယ်မှာ နေတဲ့သူတွေကို စာရင်းတွေလိုက်ကောက်နေတဲ့အခါကျတော့ ပြေးစရာနေရာမရှိဘူးဖြစ်နေတာပေါ့။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့တော့ ညှိနှိုင်းပြီးတော့ ပြောပြပေးနေရတာပေါ့။ သူတို့လိုတာတွေ လည်း အကူအညီပေး။ ကျွန်တော်ကြောက်တာကတော့ ခုနလို ဆုံချက်တစ်ခုရောက်လာပြီး ဝုန်းဆို ဖြစ် သွားမှာကိုကြောက်တာ။ ဒါလေးကိုတော့ အထူးဂရုစိုက်ဖို့ လိုမယ်တော့ထင်တယ်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူတစ်ဦးက မိမိကိုယ်ကိုဓားဖြင့်ထိုးသတ်သည့်ဖြစ်စဉ် ရွာငံမြို့နယ်တွင် ဖြစ်ပွား

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved