စစ်တွေမြို့မှ အခြားနေရာများသို့ တိမ်းရှောင်သူများပြားနေပြီး ငွေကြေးမပြည့်စုံသော ပြည်သူများသာ ကျန်ခဲ့သည့် အခြေအနေဖြစ်နေ
သုတကျော် (NSS) - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့မှ အခြားနေရာများသို့ တိမ်း ရှောင်သူများနေပြီး မြို့ပေါ်နေထိုင်သူသည် ယခင်လူဦးရေ၏ တစ်ဝက်ခန့်သာရှိနေကြောင်း၊ ငွေကြေးမပြည့်စုံသော ပြည်သူများသာ အများစုကျန်ခဲ့သည့် အနေအထားဖြစ်ကြောင်း အဆိုပါမြို့ခံတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့တွင် လုံခြုံရေး တင်းကြပ်ထားကာ မြို့ခံများသည် ရန်ကုန်မြို့ နှင့် ရခိုင်ပြည်နယ်အတွင်းမှ အခြားနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြကြောင်း ၎င်းကပြောသည်။
“စစ်တွေကနေ အမြောက်ပစ်တာကတော့ ဒီနောက်ပိုင်းမှာ နည်းသွားတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ညကလည်း ပစ်သံကြားတယ်။ မနက်ကလည်း ပစ်တယ်။ ဘယ်ကို ပစ်လဲတော့ မသိဘူး။ တိမ်းရှောင်ချင်နေကြတယ်။ ရန်ကုန်ဘက်ကိုလည်း ပြေးကြတယ်။ နယ်ဘက်တွေလည်း ပြေးကြတယ်။ လူကမြို့မှာ တဝက်လောက်ပဲကျန်မယ်။ ပိုက်ဆံမရှိတဲ့သူတွေပဲ ကျန်ခဲ့တာ။ ပိုက်ဆံရှိတဲ့သူတွေက ပြေးကြတယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။
စစ်တွေမြို့တွင် ယခုလ (၁၆)ရက်မှစတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင်သာ MPT လိုင်းမိခဲ့ကာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်)မှ စတင်ကာ Mytel ကို ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အင်တာနက်သုံးမရသေးကြောင်း ၎င်းကပြောသည်။
“ကုန်စျေးနှုန်းကလည်း နှစ်ဆလောက်တက်နေတာ။ အရင်က ငါးဆယ်၊ တစ်ရာလောက်ပဲရှိတဲ့ ကွမ်းစားထုံးတောင် တစ်ထုပ်ကို ငါးရာပေးဝယ်နေရတယ်။ ဆီစျေးတွေလည်း တစ်လီတာကို သောင်းကျော်တက်နေတော့ ဆိုင်ကယ်နဲ့ သွားတဲ့လူလည်း မြို့မှာနည်းသွားတယ်။ ခြောက်ကပ်နေတာပဲ” ဟု ၎င်းကပြောသည်။ စစ်တွေမြို့တွင် ဌာနဆိုင်ရာ အဆောက်အအုံများကို လုံခြုံရေးတင်းကြပ်ထားကာ ပြည်သူများအနေဖြင့် စိုးရိမ်စွာစောင့်ကြည့်နေသည့် အနေအထားဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများကို ဗင်နီဇွဲလားသမ္မတ ဝေဖန်ပြစ်တင်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ