တရုတ်-ကာဂျစ္စတန်နယ်စပ်တွင် ပြင်းအား(၇ ဒသမ ၁) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်
Pika (NSS) - ဇန်နဝါရီ ၂၃
တရုတ်-ကာဂျစ္စတန်နယ်စပ်တွင် ဇန်နဝါရီလ(၂၃)ရက်က ပြင်းအား(၇ ဒသမ ၁) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ(၅ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပြိုကျခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါငလျင်သည် ဇန်နဝါရီလ(၂၂)ရက် နံနက်(၂)နာရီ (၉)မိနစ်တွင် တောင်တန်းထူထပ်သော နယ်စပ်ဒေသဖြစ်သည့် Xinjiangဒေသ Wushi ကောင်တီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်၏ ငလျင်စီမံခန့်ခွဲရေးအဖွဲ့၏ အဆိုအရ သိရသည်။
ထို့နောက် နံနက်(၄)နာရီအချိန်တွင် ငလျင်ဗဟိုချက်အနီးမှာ ပြင်းအား(၃)မဂ္ဂနီကျုအဆင့်ရှိ နောက်ဆက်တွဲ ငလျင် (၁၄)ခုလှုပ်ခတ်ခဲ့ပြီး ပြင်းအား(၅ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ နောက်ဆက်တွဲငလျင်သည် ဗဟိုချက်မှ (၁၇) ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် Xinjiang ဒေသ ဒေသမီးရထားဌာနသည် မီးရထားပြေးဆွဲမှုများကို ချက်ချင်းရပ်ဆိုင်းခဲ့ ရပြီး ရထား(၂၇)စီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ထို့နောက် ငလျင်ကယ်ဆယ်ရေးဌာနချုပ်ရုံး နှင့် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့ပူးပေါင်းကာ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ချက်ချင်းစတင်ခဲ့ပြီး ဒေသတွင်းကယ်ဆယ်ရးလုပ်ငန်းများအတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တရုတ်၏ ငလျင်စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။
ဌာနအများအပြားသည် ရွက်ဖျင်တဲများ၊ အင်္ကျီများ၊ စောင်များ၊ မွေ့ယာများ၊ ခေါက်အိပ်ယာများ နှင့် အပူပေးမီးဖို များကို ထောက်ပံ့ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း တရုတ်၏ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထို့အပြင် ကာဇက်စတန်နိုင်ငံတွင် ပြင်းအား(၆ ဒသမ ၇) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကာဇက်စတန်နိုင်ငံ Almaty မြို့တွင် ဒေသခံများသည် နေအိမ်အပြင်ဖက်သို့ထွက်ပြေးကာ လမ်းမများပေါ်တွင် စုဝေးနေခဲ့ရကြောင်း သိရသည်။
သို့သော်လည်း ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာများထွက်ပေါ်လာခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ထို့အပြင် မိနစ်(၃၀)ခန့်ကြာပြီးနောက် ဥဇဘက်ကစ္စတန်နိုင်ငံတွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တန်(၅၀)ဝန်ချီစက်ကြိုးပျက်ကျပြီး လူနှစ်ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ