(၁)လကျော်ကာလအတွင်း အွန်လိုင်းလောင်းကစား ဒိုင်များနှင့် အေးဂျင့်များသုံးစွဲသည့် ဖုန်းနံပါတ်နှင့် ဘဏ်အကောင့် (၉၀၀)နီးပါး ပိတ်သိမ်းထားဟုဆို
ယွန်း (NSS) - ဇန်နဝါရီ ၂၃
(၁)လကျော်ကာလအတွင်း အွန်လိုင်းလောင်းကစား ဆောင်ရွက်နေသော ဒိုင်များနှင့် အေးဂျင့်များ သုံးစွဲနေသည့် ဖုန်းနံပါတ်နှင့် ဘဏ်အကောင့် (၉၀၀) နီးပါး ပိတ်သိမ်းထားပြီး အလားတူကန့်သတ်မှုမျိုးကို စဥ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးညွန့်ဝေ၏ ပြောကြားချက်အရ သိရသည်။
နေပြည်တော်ရှိ Hilton Hotel တွင် ဇန်နဝါရီလ(၂၂)ရက်က ကျင်းပခဲ့သည့် မိုဘိုင်းပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေး အသိပညာပေးဆွေးနွေးပွဲ၌ ရဲမှူးကြီးညွန့်ဝေက အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီတစ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အွန်လိုင်းလောင်းကစားဆောင်ရွက်နေသည့် ဒိုင်များနှင့် Agent အသုံးပြုသည့် တယ်လီဖုန်းနံပါတ်များနှင့် ဘဏ်အကောင့် စုစုပေါင်း (၈၈၁)ခုကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အွန်လိုင်းလောင်းကစားတွေနဲ့ ပတ်သက်ပြီးတော့ တစ်နေ့ကို (၁၀)မှုနဲ့ (၁၅)မှုကြား SIM Card နံပါတ်တွေ လိုက်ပိတ်နေပါတယ်။ ရှေ့ဆက်ပြီးတော့ တောက်လျှောက်လုပ်သွားမှာပါ”ဟု ရဲမှူးကြီးညွန့်ဝေက ရှင်းလင်းပြောကြားသည်။
အဆိုပါကော်မတီမဖွဲ့စည်းမီကပင် အွန်လိုင်းအသုံးပြုကာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခဲ့သည့် အကောင့်ပိုင်ရှင်ဦးရေ (၃၁၀၀)ကို အရေးယူထား ခဲ့ကာ ကော်မတီဖွဲ့စည်းပြီးနောက် လူပေါင်း(၂၆)ဦးကို ထပ်မံအမှုဖွင့်အရေး ယူထားကြောင်း ၎င်းကပြောသည်။
အလားတူ အွန်လိုင်းပေါ်တွင် မဖွယ်မရာတင်ခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် အခကြေးငွေရယူဆောင်ရွက်နေသည့် အကောင့်များကိုလည်း နေ့စဥ်ရှာဖွေနေပြီး ၎င်းတို့အသုံးပြုနေသည့် ဖုန်းနံပါတ်ပေါင်း(၃၇၁)ခုကို ပိတ်သိမ်းထားနိုင်ခဲ့သည်ဟု သိရသည်။
“လက်ရှိ သူတို့ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းအနှောင့်အနှေးဖြစ်စေဖို့အတွက် ကျွန်တော်တို့က လောလောဆယ်မှာ SIM Card ပိတ်တဲ့ကိစ္စကို ဆောင်ရွက်ခဲ့ပါတယ်။ (၅၀၀၀)ပေး (၁၀၀၀၀)ပေးနဲ့ မှောင်ရိပ်ခိုပြီး လုပ်စားနေတဲ့သူတွေရှိပါတယ်။ အဲဒီ SIM Card တွေကို စဥ်ဆက်မပြတ် ပိတ်သွားမှာဖြစ်ပါတယ်။ နောက်ထပ် SIM Card တစ်ခုထပ်သုံးရင်လည်း ထပ်သုံးတဲ့ SIM Card ကို ပိတ်သိမ်းဦးမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးညွန့်ဝေက ပြော သည်။
ထိုသို့ အရေးယူဆောင်ရွက်မှုများရှိနေသော်လည်း တရားမဝင်အွန်လိုင်းလောင်းကစားများသည် လူမှုကွန်ရက်စာမျက်နှာများထက်တွင် ကြော်ငြာများထည့်သွင်းပြီး ဆော့ကစားသူများ တိုးပွားလာစေရန် ဆွဲဆောင်မှုများ ရှိနေသေးကြောင်း တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-ကာဂျစ္စတန်နယ်စပ်တွင် ပြင်းအား(၇ ဒသမ ၁) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ