နောင်ချိုမြို့နယ်၌ ဘိလပ်အိတ်များ သယ်ဆောင်လာသည့် (၁၂)ဘီးကားတစ်စီးဘရိတ်ပေါက်၍ ပေ(၂၀၀) အနက်ရှိ ချောက်အတွင်းသို့ ထိုးကျခဲ့ရာ လူ(၂)ဦးပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်ချိ-ရပ်စောက်သွားကားလမ်းတွင် ဘိလပ်အိတ်များ သယ်ဆောင်လာသည့် (၁၂)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ ပေ(၂၀၀)အနက်ရှိ ချောက်အတွင်းသို့ ထိုးကျခဲ့ရာ လူ(၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း -ကံကြီးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်) ၊ နံနက် ၈နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်သွားကားလမ်း၊ ဒုဌဝတီအဆင်းလမ်း(၄) ထပ်ကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တဲ့ကားက လားရှိုးဘက်ကို ဘိလပ်မြေတွေတင်ပြီး မောင်းလာတဲ့ကားပါ။ အဆင်းမှာ ဘရိတ်ပေါက်ပြီး ပေ(၂၀၀)နက်တဲ့ ချောက်ထဲထိုးကျပြီးမှောက်သွားတာ။ ကားပေါ်မှာက ယာဉ်မောင်းနဲ့ စပယ်ယာပါတယ်။ သူတို့လည်း ကားနဲ့ညှပ်ပြီး အခင်းဖြစ်တဲ့ နေရာမှာပဲ ဆုံးသွားတယ်”ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း-ကံကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် (၁၂)ဘီးကားပေါ်တွင်လိုက်ပါလာသည့် အသက်(၃၀)နှစ်ဝန်းကျင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂)ဦးစလုံး၌ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ချောက်ထဲကျတော့ ကားသမားနဲ့ စပယ်ယာက ပွဲချင်း ပြီး ဆုံသွားတယ်။ ကားထဲမှာညှပ်နေလို့ ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရတယ်။ အဲဒီနေရာက ခဏခဏဖြစ်တယ်။ ကားကြီးကားလေး အကုန်လုံးဖြစ်တဲ့နေရာ။ အကြောင်းကတော့ လမ်းမကျွမ်းကျင်တာနဲ့ အခုလို ဘရိတ်ပေါက် တာတွေကြောင့်ဖြစ်တာ။ ဒီလမ်းတွေက အတက်အဆင်းများတော့ ဂီယာကြီးတဲ့ကားတွေနဲ့မှ အဆင်ပြေမှာပါ။ အဲဒါကြောင့် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှ မောင်းစေချင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား(၂)ဦး၏ ရုပ်အလောင်းများကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းကံကြီးမှ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘန်ကောက်မြို့မှာ ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ဖြတ်ခံရပြီး ရေခဲသေတ္တာအတွင်း ထည့်ထားခံရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ