ဘန်ကောက်မြို့မှာ ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ဖြတ်ခံရပြီး ရေခဲသေတ္တာအတွင်း ထည့်ထားခံရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၂
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိအဆောက်အဦးတစ်ခုရဲ့အခန်းထဲမှာ အပိုင်းပိုင်းခုတ်ဖြတ်အသတ်ခံရကာ ရေခဲသေတ္တာထဲ အထည့်ခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။
လူတစ်ဦး အသတ်ခံရတယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်း Tha Kham ရဲစခန်းမှ တာဝန်ရှိသူများ၊ မူခင်းဆရာဝန်တွေနဲ့ Tha Kham Foundation အမည်ရှိ လူမှုကူညီရေးအသင်းမှ ကယ်ဆယ်ရေးသမားများ စုပေါင်းပြီး အခန်းကိုသွားရောက်စစ်ဆေးခဲ့ရာမှာ အမြင့်ငါးပေရှိ ရေခဲသေတ္တာအတွင်းမှ ခန္ဓာကိုယ်အပိုင်းအစ ခြောက်ပိုင်းနဲ့အတူ လူသတ်ရာမှာ အသုံးပြုတဲ့ ဓါးနှစ်ချောင်းနဲ့ လွှစက်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။
အဆိုပါ လေးထပ်တိုက်အဆောက်အဦးရဲ့အခန်းမှာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အဓိကနေထိုင်ပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့်သူတွေကို ခေါ်ယူပေးတဲ့အလုပ်ကို လုပ်ကိုင် နေသူတွေဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မြအေးဆိုသူက အဆိုပါ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဟာ ဇန်နဝါရီ ၁၈ ရက်က အဆိုပါအခန်းမှာ အခြားမြန်မာနိုင်ငံသား ၄ ဦးနဲ့အတူ နေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းမှာ အခန်းက ပြန်လာခဲ့ပြီး အဲဒီအခန်း မှာ စိုင်းကြည် ဆိုသူတစ်ဦးသာ ကျန်ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက် ည ၁ဝ နာရီကျော်မှာ အခန်းအတွင်းကျန်ခဲ့တဲ့ ၎င်းတို့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ သွားရောက်ခဲ့ချိန်မှာ အိန္ဒိယနိုင်ငံသား Mr. Sundaravel Pakadis Kuma ဆိုသူနဲ့မြန်မာနိုင်ငံသား စိုင်းကြည်ဆိုသူတို့ကို အဆက်သွယ်မရတော့ကြောင်း၊ ထို့အတွက်ကြောင့် အိမ်ရှင်ကို အကြောင်းကြားကာ အခန်းကိုဖျက်ပြီးဝင်ရောက်ချိန်မှာ အလောင်းကို တွေ့မြင်ခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။
အဆိုပါပတ်ဝန်းကျင်နေထိုင်သူတစ်ဦးဖြစ်သူ Ms. Kanyarat Pengjam ဆိုသူကလည်း ၎င်းအနေနဲ့ ဇန်နဝါရီ ၁၉ ရက် ညဥ◌့်နက်ပိုင်းက အသက် ၂၃ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား Mr. Sundaravel Pakadis Kuma ဆိုသူကို MG brand အမျိုးအစားကားနဲ့ ထွက်သွားတာကိုတွေ့မြင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံသားဟာ ထွက်မပြေးခင် မြန်မာနိုင်ငံသားကို သတ်ဖြတ်ကာ ခန္ဓာကိုယ်အပိုင်းပိုင်းလုပ်ပြီး ရေခဲသေတ္တာ ထဲ ထည့်ခဲ့တယ်လို့ ယုံကြည်ကြောင်း အခြားမြန်မာနိုင်ငံသားတွေက ပြောပါတယ်။ အခန်းအတွင်းရှိ ရေချိုးခန်းနဲ့ အိပ်ယာတွေမှာ သွေးစသွေးနတွေနဲ့ လျှပ်စစ်နဲ့အသုံးပြုရတဲ့ လွှစက်တွေကို တွေ့မြင်ခဲ့ရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံသားတစ်ဦးဟာ လူသတ်မှုကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားဖွယ်ရှိနေပြီး ၎င်းကို ဖမ်းဆီးနိုင်ဖို့ကြိုးပမ်းနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ လူသတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို အတိအကျမသိဘဲ လိင်ပိုင်းဆိုင်ရာကိစ္စအပြင် အခြားကိစ္စအငြင်းပွားရာမှာ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရိုးတွင်းချဉ်ဆီလဲလှယ်မှု အပါအဝင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကိုရရှိနိုင်မည့် (၇)ထပ်ကုသဆောင်သစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ