အိန္ဒိယနိုင်ငံတွင် သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး ကလေးငယ်(၉)ဦး အပါအဝင် အနည်းဆုံး လူ(၁ဝ)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၁၉
အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ဇန်နဝါရီလ(၁၈)ရက်က သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ရာ ကလေးငယ်(၉)ဦး အပါအဝင် အနည်းဆုံးလူ(၁ဝ)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူများကို ရှာဖွေမှုများအား ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ထပ်မံ ပြောဆိုခဲ့သည်။ အဆိုပါမတော်တဆမှုသည် ဂူဂျာရတ်ပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများသည် ၎င်းတို့၏ ကျောင်းမှစီစဉ်ပေးသော ပျော်ပွဲစားခရီးစဉ် သွားနေစဉ်အချိန်အတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သင်္ဘောနစ်မြုပ်သွားသော ရေကန်အနီးတစ်ဝိုက်တွင် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရေးလုပ်ငန်း စဉ်များကို ဒါဇင်နှင့်ချီသော လူများက ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။ မတော်တဆမှုအတွင်း သေဆုံးသူများထဲတွင် အသက်(၁ဝ)နှစ်အောက် ကလေးငယ်များ နှင့် ဆရာတစ်ဦးတို့ ပါဝင်ကြောင်း ဆေးရုံဝန်ထမ်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်သည့် ခရိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိ ရသေးကြောင်း နှင့် သင်္ဘောပေါ်တွင် လူ(၂၇)ဦးခန့် လိုက်ပါသွားသည်ဟု ယုံကြည်ကြောင်း ခရိုင်အရာရှိက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်မိုဒီက "ဒီမတော်တဆမှုအတွင်းမှာ သေဆုံးခဲ့တဲ့သူတွေရဲ့မိသားစုတွေအတွက် ကျွန်တော်တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့လူတွေလည်း အမြန်ဆုံးပြန်ကောင်းလာစေဖို့ ဆုတောင်းပေးပါတယ်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းက ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို တတ်နိုင်သမျှ အကူအညီတွေ ပေးအပ်နေပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယနိုင်ငံရှိ ရေလမ်းကြောင်းများတွင် ဆိုးရွားသောသင်္ဘောမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က ကီရာလာပြည်နယ်တွင် နှစ်ထပ်ခရီးသည်တင်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ(၂၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းနိုင်ငံ မရှိကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ