ကျောက်ဆည်မြို့ရှိ ရွှေဆိုင်(၂)ဆိုင်မှ ကျပ်သိန်း(၂ဝဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လက်နက်ကိုင်ဆောင်ထားသည့် လူ(၅)ဦးက ဓားပြတိုက်ယူဆောင်သွား
ကျော်(NSS) - ဇန်နဝါရီ ၁၂
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ ရွှေဆိုင်(၂) ဆိုင်မှ ငွေကျပ်သိန်း(၂ဝဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးက ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ မြို့မစျေးအပြင်ဘက် အရှေ့ဘက်တန်းတွင်ဖွင့်လှစ်ထားသော ရွှေဆိုင်(၂)ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့မစျေးအပြင်ဘက်အရှေ့ဘက်တန်း၌ဖွင့်လှစ်ထားသော ဦးသန်းထွန်း ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်၊ ဦးသန်းနိုင် ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်တို့သို့ လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။
"သူတို့ ၅ ယောက်က ဆိုင်ကယ်တွေနဲ့ရောက်လာတာလို့သိရတယ်။ ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်တယ်။ နောက် သေနတ်ဒင်တွေ တူတွေနဲ့ရွှေထည်တွေထည့်ထားတဲ့ မှန်ပုံးတွေကိုရိုက်ခွဲ၊ ရွှေထည်ပစ္စည်းတွေယူပြီး ဆိုင်ကယ်တွေနဲ့ပြန်ထွက်သွားကြတယ်။ အနီးနားကလူတွေကလည်း သူတို့မှာသေနတ်တွေပါလာတော့ မလှုပ်ရဲကြဘူးပေါ့"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
လက်နက်ကိုင်အမျိုးသား(၅)ဦးသည် ဦးသန်းထွန်း ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်မှ ရွှေထည် (၃၀)ကျပ်သားကျော် နှင့် ဦးသန်းနိုင် ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်မှ ရွှေထည်ပစ္စည်း (၄၀)ကျပ်သားကျော် စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည် ၇၀ ကျပ်သားကျော်အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
"လတ်တလော ကျောက်ဆည်မြို့မရဲစခန်းက အမှုဖွင့်ပြီး စစ် ဆေးတာတွေလုပ်နေတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေလည်းရောက် လာပြီး စစ်ဆေးတာတွေလုပ်သွားတယ်။ နောက် သူတို့ထွက် ပြေးသွားတဲ့ဘက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူက မြန်မာ အပါအဝင် အာရှနိုင်ငံသားအချို့ကို အရန်ရဲတပ်ဖွဲ့ဝင်အဖြစ်ခေါ်ယူခန့်အပ်ဖို့ စဉ်းစားနေဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ