၂ဝ၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုပေါင်း (၄၇၀၀)ကျော်ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၂၄၀၀)ကျော်ရှိခဲ့
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၁
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုပေါင်း (၄၇၀၀)ကျော်ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၂၄၀၀)ကျော်ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုပေါင်း (၄၇၇၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၂၄၂၂)ဦး နှင့် ဒဏ်ရာရရှိသူ(၆၅၈၃)ဦးထိရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၈၄၇)ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၄၂၆)ဦးရှိခဲ့ကာ ဒဏ်ရာရရှိသူ(၉၀၀)ဦးကျော်ရှိခဲ့သဖြင့် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း (၁၆၃)ခုဖြစ်ပွားခဲ့ကာ လူပေါင်း(၈၅)ဦးသေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
“ယာဉ်တိုက်မှုတွေမဖြစ်အောင်နဲ့ ကားမီးလောင်မှုတွေမဖြစ်အောင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးပြီးမှ မောင်းစေချင်တယ်။ ပြီးတော့ အိပ်ငိုက်တာ မျိုးတွေမဖြစ်အောင်လည်း ဘေးကလူတစ်ယောက်က ကားမောင်းတဲ့လူကို စကားပြောပေးသင့်တယ်။ ကားပေါ်မှာလည်း မီးသတ်ဆေးဗူးတွေ အဆင်သင့်ဆောင်ထားသင့်တယ်။ အရှိန်လွန်မမောင်းဘဲ ပုံမှန်ပဲမောင်းသင့်တယ်” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း နိုင်ငံတစ်ဝန်းတွင်ယာဉ်တိုက်မှုပေါင်း (၅၆၃၁)ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၂၇၉၅)ဦးထိရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုပေါင်း(၈၅၉)ခုလျော့ကျသွားခဲ့ပြီး သေဆုံးသူ အနေဖြင့်လည်း (၃၇၃)ဦးထိကျဆင်းလာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲမယ့်အစီအစဉ်ကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ