ရန်ကုန်မြို့၌ မြွေကိုက်ခံရသည်ဟု ယူဆရသော အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့မှုဖြစ်ပွား
စော (NSS) - ဇန်နဝါရီ ၇
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် မြွေကိုက်ခံရသည်ဟု ယူဆရသော အသက် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်သည် ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်)၊ မွန်းလွဲပိုင်းတွင် မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်ရှိ နေအိမ်ဘေး၌ ကစားနေစဉ် မြွေကိုက်ခံခဲ့ရသည်ဟု ယူဆရကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“သူက မနက် (၉)နာရီလောက်ကထင်တယ်။ အိမ်ဘေးမှာ ကစားနေရင်းနဲ့ လက်မှာ အကောင်ကိုက်ခံရတာကိုတွေ့လို့ လူကြီးတွေက မေးတယ်။ မေးတော့ ကြွက်ကိုက်ခံရသလို ဘာလိုလိုပေါ့။ အဲဒီတော့ ဒီအတိုင်းပဲ ထားလိုက်တာ။ နေ့ခင်းကျတော့ အဆိပ်တက်လာတယ်လို့ သိရတယ်။ အဲဒီတော့ ကျွန်တော်တို့ကိုလှမ်းခေါ်တာပါ။ လက်မှာ အပေါက်နှစ်ပေါက်နဲ့ ဆိုတော့ ကျွန်တော်တို့ယူဆတာတော့ မြွေလို့ထင်တာပဲ။ ဘယ်ဘက်လက်ခုံမှာ အကိုက်ခံရတာပါ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကလေးငယ်အား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကင်းမြို့နယ် ကလေးဆေးရုံသို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ ကွယ်လွန်ဆုံးပါးသွားသည့် ကလေးငယ်သည် အသက် (၅)နှစ်အရွယ် ရှိ မအိန္ဒြာကျော်ဖြစ်ကြောင်းလည်း သိရသည်။
“လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် ချုံထူထပ်တဲ့နေရာတွေ၊ ပစ္စည်းတွေစု ပုံထားတဲ့နေရာတွေ သွားတယ်ဆိုရင် သတိထားပြီးသွားသင့်တယ်။ကျွန်တော်တို့ သွားဖမ်းတဲ့မြွေတော်တော်များများကလည်း ချုံပုပ်တွေမှာ တွေ့ရတာများတယ်။ ဒီကလေးဆိုလည်း သစ်ပင်ဘေးနားက သစ်ပုံရှိနေတာကို မြွေတို့၊ တိရစ္ဆာန်တို့ အောင်းနိုင်တယ်။ ကလေးတွေကို ခြံထဲဆင်းဆော့ခိုင်းရင်လည်း အဲဒီလိုနေရာမျိုးကို ရှင်းထားတာမျိုး၊ ကလေးကို အဲဒီလိုလွှတ်ထားပေးတာမျိုး မဖြစ်စေချင်ဘူး”ဟု အထက်ပါအသင်းက အကြုံပြုပြောကြားထားသည်။
လက်ရှိတွင် ကလေးငယ်၏ရုပ်အလောင်းကို Medical လူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ ပီနန်မှာ လာမယ့်သီတင်းပတ်အတွင်း ၉၆ နာရီကြာ သုံးရေဖြတ်တောက်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ