ရန်ကုန်-မန္တလေးအမြန်လမ်း၌ လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို Alphard ကားမှ ဝင်တိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၇
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို Alphard ကားမှ ဝင်တိုက်မိရာ ဆိုင်ကယ် ယာဉ် မောင်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သီးကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)၊ ညနေ ၅နာရီ ၅၀မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၃၀၂)မိုင် နှင့် ၁ဖာလုံအကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က လမ်းဖြတ်ကူးလာတာ။ အဲဒီအချိန်မှာ ကားကမောင်းလာတဲ့အချိန် ဖြတ်တိုက်မိတာပါ။ ဆိုင်ကယ်သမားက အခင်းဖြစ်တဲ့ နေရာမှာပဲ ဆုံးသွားတယ်။ ခေါင်းထိဒဏ်ရာနဲ့ပေါ့။ ဒဏ်ရာကလည်း ပြင်းပြင်းထန်ထန်ရသွားတာပါ”ဟု သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မလှိုင်မြို့နယ်၊ ကန်သစ်ကျေးရွာတွင်နေထိုင်သည့် အသက်(၅၈)နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုး သားသည် ဦးခေါင်း၌ထိခိုက်ရာပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား မီးသတ်တပ်ဖွဲ့လူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“အဲဒီနေရာတွေက ဖြစ်လေ့ရှိတယ်။ မိုင်တိုင်(၃၀၂)တို့၊ (၃၀၃)တို့ဆိုတာက အရင်နှစ်ကလည်း ခဏခဏဖြစ်တဲ့နေရာတွေပေါ့။ အဓိက ကတော့ သတ် မှတ်ကီလိုကျော်ပြီးမောင်းလို့ဖြစ်တာတွေများတာပေါ့။ ပြီးတော့ ခါးပတ်မပတ်တာတွေ။ အရင်နေ့က ဖြစ်စဉ်ဆို ခါးပတ် မပတ်ထားလို့ ကားပေါ်ကလွင့်ထွက်သွားတာ။ ပြီးတော့ ယာဉ်ကြံ့ခိုင်မှုကို မစစ်ဆေးပဲမောင်းကြတာတွေပေါ့။ အဲဒီလိုတွေကြောင့် ဂရုစိုက်ပြီး မောင်းစေချင်တာပါ” ဟု အထက်ပါအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်တွင်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Kluger အမျိုးအစားကားတစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်သစ်ပင်အား ဝင်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုး သား သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ၄ ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ယူခွင့်ရဖို့ အလားလာများနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ