တာ့က်ခရိုင်တွင် မြန်မာနိုင်ငံသား ၃၆ ဦး ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရ
ကျော်(NSS) - ဇန်နဝါရီ ၅
ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်ရှိ တောလမ်းတစ်နေရာတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၃၆)ဦး ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၅ ရက်)က သတင်းအရ ထိုင်းစစ်တပ်မှရှာဖွေစစ် ဆေးမှုများပြုလုပ်စဥ် ဖိုးဖမြို့နယ်ရှိ တောလမ်းတစ်နေရာတွင် ပစ်ကပ်ကား(၃)စီးနှင့်အတူ နိုင်ငံခြားသားများအားတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကား(၃)စီးတွင် မြန်မာနိုင်ငံသား အမျိုးသား(၂၀)ဦး၊ အမျိုးသမီး (၁၆) ဦးနှင့် ၎င်းတို့အားခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားကားမောင်းသူ(၃)ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကာ ထိုင်းနိုင်ငံသားများမှ ကားခယူ၍ လိုက်ပါပို့ဆောင်ပေးခြင်းဖြစ် ကြောင်း သိရသည်။
"ကျွန်တော်တို့သတင်းကြားလို့ သူတို့ကိုထိန်းသိမ်းထားတဲ့ ဖိုးဖရဲစခန်းကိုသွားခဲ့ပါတယ်။ ခဏတဖြုတ်လောက်လေးပဲတွေ့ခွင့်ရခဲ့တယ်။ သူတို့ပြောပုံအရဆိုရင် စစ်ဘေးရှောင်ရင်းထိုင်းမှာအလုပ်လုပ်ဖို့ ပွဲစားကဆွယ်တာနဲ့ ပွဲခပေးဖို့တွေ၊ ကျန်တဲ့ကုန်ကျစရိတ်တွေအတွက် အတိုးနဲ့ပိုက်ဆံယူပြီးလာခဲ့ကြတာလို့သိရတယ်"ဟု မြန်မာအလုပ်သမားများအရေးကူညီပေးနေသည့် ကိုကျော်ကျော်က NSS ကိုပြောသည်။
၎င်းတို့အား ထိုင်းစစ်တပ်မှဖမ်းဆီးပြီးနောက် ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် ဖိုးဖမြို့ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"ဖိုးဖရဲစခန်းမှာသူတို့ကိုထားတယ်။ အခုလို ဖမ်းခံလိုက်ရတော့ သူတို့အတိုးနဲ့ယူထားရတဲ့ငွေကြေးက ပြန်ဆပ်ဖို့ပိုပြီးခက်ခဲသွားပြီ။ ဒါကြောင့် ဘယ်နိုင်ငံကိုပဲသွားသွား အချိန်တစ်ခုပေးရတယ်ဆိုပေမယ့် တရားဝင်သွားတာအကောင်းဆုံးပဲ။ အခုလို တရားမဝင်သွားတော့ ဖမ်းခံလိုက်ရပြီဆိုရင် အခက်အခဲတွေဖြစ်သွားပြီလေ"ဟု မြန်မာအလုပ်သမားများအရေးကူညီပေးနေသည့် ကိုကျော်ကျော်ကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်ကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၈)ဦးအား ဖိုးဖမြို့နယ်နှင့်မဲဆောက်မြို့နယ်တို့၌ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သဖြင့် ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် ရဲစခန်းများသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ဖက်ရည်ဆိုင် နှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ