ရပ်ထားသည့်(၁၂)ဘီးကားကို အိမ်စီးကားမှဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်း ပြီး သေဆုံးမှု နေပြည်တော်၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ထားသည့် (၁၂)ဘီးကားကို အိမ်စီးကားမှ ဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၃၁ ရက်)၊ ည ၁၁ နာရီခွဲအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံလမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ထားတဲ့ (၁၂)ဘီးကားကြီးကို အိမ်စီးကားလေးကနောက်ကဝင်တိုက် တာပေါ့။ ကားလေးပေါ်မှာက အမျိုးသား(၃)ယောက်ပါလာတယ်”ဟု ကရု ဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အိမ်စီးကားပေါ်လိုက်ပါလာသည့် အမျိုး သား(၃)ဦးအနက် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာနေ အသက် (၁၇)နှစ်အရွယ်အမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူက ယာဉ်မောင်းဘေးကထိုင်လိုက်လာတဲ့လူပေါ့။ အသက်က တော့ ငယ်ငယ်လေးပဲရှိပါသေးတယ်။ ကားထဲမှာညပ်နေပြီး ပွဲချင်းပြီးဆုံသွားပါတယ်။ ယာဉ်မောင်းနဲ့ နောက်က(၁)ယောက်ကတော့ ဒဏ်ရာတွေရတာရှိတယ်။ (၃)ယောက်လုံးရဲ့မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကရုဏာရှင်လူမှုကူ ညီရေးပရဟိတအသင်းမှ နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဇေယျာသီရိမြို့နယ်ထဲမှာပဲမဟုတ်ပါဘူး။ အခြားခုလိုယာဉ်တိုက်မှုဖြစ်စဉ်အဖြစ်များတဲ့နေရာတွေရောက်ရင် ဆိုင်ကယ်ပဲ ဖြစ်ဖြစ် ကားပဲဖြစ်ဖြစ် ဂရုတစိုက်၊ စည်းကမ်းတကျနဲ့မောင်းနှင်စေချင်ပါတယ်။ တစ်ချို့လမ်းလိုအပ်ချက်ရှိတဲ့နေရာတွေဆိုရင်လည်း တာဝန်ရှိသူတွေအနေနဲ့ သတိပေးဆိုင်းဘုတ်လေးတွေ လုပ်ပေးစေချင်ပါတယ်”ဟု အထက်ပါပရဟိ တအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
ပြီးခဲ့သော (၂၀၂၃)ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအထိ (၁၀)လတာအတွင်း နိုင်ငံအတွင်းယာဉ်တိုက်မှုပေါင်း(၄၀၅၀)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၀၆၈)ဦး နှင့် ဒဏ်ရာရရှိသူ(၅၆၅၆)ဦးထိရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘယ်ဂိုရောမြို့တိုက်ခိုက်ခံရမှုကြောင့် ရုရှားနိုင်ငံရှိ မြို့အချို့မှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနိုင်ခြင်းမရှိခဲ့ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ