ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို အမေရိကန်ဖျက်သင်္ဘောပစ်ချ
Pika (NSS) - ဒီဇင်ဘာ ၃၁
အမေရိကန်ဖျက်သင်္ဘောတစ်စီးသည် ဒီဇင်ဘာလ(၃ဝ)ရက်တွင် ယီမင်နိုင်ငံက ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါဖျက်သင်္ဘောသည် အခြားတိုက်ခိုက်မှုတစ်ခုအတွင်း ဒုံးကျည်ထိမှန်ခဲ့သော ကွန်တိန်နာသင်္ဘော တစ်စီး၏ အကူအညီတောင်းခံမှုများကို ချက်ချင်းသွားရောက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ထပ်မံပြောကြားခဲ့သည်။
အဆိုပါဒုံးကျည်များကို ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် နိုဝင်ဘာလ(၁၉)ရက် နောက်ပိုင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ နိုင်ငံတကာကုန်တင်သင်္ဘော များအပေါ် (၂၃)ကြိမ်မြောက် တရားမဝင်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း (CENTCOM) က ပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ က ပြောကြားခဲ့သည်။
အမေရိကန်ဖျက်သင်္ဘော USS Gravely နှင့် USS Laboon တို့သည် ဒုံးကျည်ထိမှန်ခဲ့သည့် စင်ကာပူနိုင်ငံအလံ လွှင့်တင်ထားသော ဒိန်းမတ်နိုင်ငံပိုင် ကွန်တိန်နာသင်္ဘော Maersk Hangzhou ၏ အကူအညီတောင်းခံမှုများကို သွားရောက်တုံ့ပြန်ခဲ့ကြောင်း CENTCOM က ပြောကြားခဲ့သည်။
ထို့အပြင် အကူအညီများပေးနေစဉ်အချိန်အတွင်း အမေရိကန်ဖျက်သင်္ဘော USS Gravely သည် ကွန်တိန်နာ သင်္ဘော Maersk Hangzhou ထံသို့ ဦးတည်လာသည့် နောက်ထပ်ဒုံးကျည်များကို ပစ်ချခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ၏ (၁၂)ရာခိုင်နှုန်းရှိသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို အန္တရာယ်ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံသည် ကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် နိုင်ငံပေါင်း(၂ဝ)ခန့် ပါဝင်သော ညွန့်ပေါင်းအဖွဲ့ကိုဖွဲ့စည်းကာ ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားအစိုးရက ၂ဝ၂၄ ခုနှစ်တွင် နောက်ထပ် စပိုင်ဂြိုလ်တု(၃)လုံးကို လွှတ်တင်ရန် စီစဉ်နေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ