(၂)ရက်အတွင်း မန္တလေးတိုင်း၌ ကျပ်သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Pearl (NSS) - ဒီဇင်ဘာ ၂၉
(၂)ရက်အတွင်း မန္တလေးတိုင်း၌ ငွေကျပ်သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၂၅ ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် မော်တော် ယာဉ်များအား စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေစဉ် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ဝေဖြိုး မောင်းနှင်ပြီး စည်သူဝင်း လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ် ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆၃၂ ဒသမ ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂၆ ရက်၊ နံနက် (၆) နာရီတွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မင်းသူအား ပြင်ဦးလွင်မြို့နယ်၊ မြန်ပြည်သာရွာ(၃)မိုင်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဝေဖြိုး(၃၁)နှစ်၊ စည်သူဝင်း(၂၄)နှစ် နှင့် မင်းသူ(၃၃)နှစ်တို့အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၄ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားတွင် CALDINA မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ဝင်းထက်ဦး(ခ)ပိုးချည်လုံးနှင့် လတောင်နော်ဘောက်တို့ ၂ ဦးသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၁၀၁၂ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် နိုင်ငံတကာက ၂၄ နာရီအတွင်းဖြစ်ပေါ် ပြောင်းလဲမှုသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ