အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက နာဇီခေါင်းဆောင်ဟစ်တလာ နှင့် ကွဲပြားခြားနားမှုမရှိကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၂၈
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် နာဇီခေါင်းဆောင်ဟစ်တလာ နှင့် ကွဲပြားခြားနားမှုမရှိကြောင်း တူရကီသမ္မတအာဒိုဂန်က ဝေဖန်ပြောဆိုခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် ဆက်လက်လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို အာဒိုဂန် က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
အာဒိုဂန် က "အစ္စရေးဟာ ပါလက်စတိုင်းလူမျိုးတွေအပေါ် နာဇီ လုပ်ရပ်တွေ အတိုင်းလုပ်ဆောင်နေတာပါ။ ဂါဇာ ကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေဟာ နာဇီတွေ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ထက် ပိုမိုဆိုးရွားပါတယ်။ ကျွန်တော်တို့ အစ္စရေးရဲ့နာဇီလုပ်ရပ်တွေကို မြင်တွေ့ခဲ့ရပြီးပါပြီ။ အစ္စရေးဟာ ဟစ်တလာမကောင်းကြောင်းတွေပြောနေကြပေမယ့် သူတို့ကကော ဟစ်တလာနဲ့ ဘာတွေများကွာခြားသွားလို့ လဲ" ဟု ပြောခဲ့သည်။
ထို့အပြင် နေတန်ရာဟု နှင့် နာဇီခေါင်းဆောင် ဟစ်တလာတို့ကြား ကွဲပြားခြားနားချက်မှာ နေတန်ရာဟု နှင့် ၎င်း၏ ဟားမက်ဆန့်ကျင်ရေးစစ်ဆင်ရေးများကို အနောက်အုပ်စုနိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခြင်းမျိုးသာ ဖြစ်ကြောင်း အာဒိုဂန်က ပြောခဲ့သည်။
အာဒိုဂန်က "နေတန်ရာဟုဟာ ဟစ်တလာထက် ပိုချမ်းသာပါတယ်။ သူက အနောက်အုပ်စုတွေရဲ့ထောက်ပံ့မှုတွေ ကို ရရှိထားပါတယ်။ အစ္စရေးဟာ ထောက်ပံ့မှုတွေ အများစုကို အမေရိကန်နိုင်ငံဆီကနေ ရရှိတာပါ။ ပြီးတော့ အစ္စရေးဟာ ဒီထောက်ပံ့မှုတွေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး(၂ဝဝဝဝ)ကျော်ကို သတ်ပစ်ခဲ့ကြ ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါစွပ်စွဲပြောဆိုချက်များကို နေတန်ရာဟုက ငြင်းဆန်ပယ်ချခဲ့ပြီး တူရကီသမ္မတအာဒိုဂန်သည် တူရကီ နှင့် အခြားနိုင်ငံများတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့်စွပ်စွဲပြောဆိုမှုများကို ပြန်လည်ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။
နေတန်ရာဟု က "အာဒိုဂန်ဟာ ကာ့ဒ်လူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ပြီးတော့ သူ့ကိုဆန့်ကျင်တဲ့သတင်းထောက်တွေကိုလည်း ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေကို လုပ်ဆောင်နေတုန်းပါပဲ" ဟု ပြောခဲ့သည်။
ထို့အပြင် အစ္စရေးစစ်တပ်သည် ကိုယ်ကျင့်တရားကောင်းသောစစ်တပ်တစ်ခုဖြစ်ပြီး လက်ရှိအချိန် တွင် ကမ္ဘာပေါ်မှာ အရက်စက်ဆုံးအကြမ်းဖက်အဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နေတန်ရာဟုက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်အတွင်း အားကောင်းသော အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါးမှု ကြုံတွေ့နိုင်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ