ကော့ကရိတ်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံး
ကျော် (NSS) - ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တိုင်းရင်းသားလက်နက်ကိုင်၊ PDF ပူးပေါင်းအဖွဲ့တို့ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်)ညပိုင်းက ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများအနီးရှိ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက် နှင့် လှိုင်ကွက်သစ်တို့မှ နေအိမ်(၅)လုံးခန့် မီးလောင်ခဲ့ပြီး ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် အလုံးစုံပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
"တိုက်ပွဲတွေကဖြစ်နေတုန်းပဲ။ ညကအိမ် ၅ လုံးလောက်လည်းမီးလောင်ပြီး ပျက်စီးသွားတယ်။ မီးလောင်တာကိုသိပေမယ့် အဲဒီအိမ်တွေက တိုက်ပွဲဖြစ်နေတဲ့နေရာနားမှာရှိနေတဲ့အတွက် အချိန်မီငြှိမ်းသတ်နိုင်ဖို့မဖြစ်တော့ အကုန်လုံးပျက်စီးသွားတယ်။ ဒီနေ့(ဒီဇင်ဘာလ ၂၆ ရက်)မှာလည်း တိုက်ပွဲတွေဖြစ်နေတုန်းပဲ"ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ကော့ကရိတိမြို့တွင် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် မြို့ခံများသည် တိုက်ပွဲဖြစ်ပွားမှုနှင့်လွတ်ကင်းသည့် မြို့/ရွာများသို့ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်ခဲ့သည်။
ထို့နောက် တိုက်ပွဲဖြစ်ပွားမှုအနည်းငယ်လျော့ကျသွားချိန်တွင် အချို့သောစစ်ဘေးရှောင်များသည် ၎င်းတို့၏နေအိမ်များသို့ပြန်လည်ရောက်ရှိနေထိုင်ချိန်၌ ထပ်မံ၍တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်ပွဲဖြစ်တာ နည်းနည်းလျော့သွားတဲ့အချိန် တစ်ချို့က အိမ်မှာပြန်နေကြတယ်။ အဲဒီအချိန်မှာ တိုက်ပွဲတွေကပြန်ဖြစ်တာ။ အဲဒီလိုပြန်ဖြစ်တော့ ချက်ချင်းပြန်ပြီး စစ်ဘေးရှောင်ကြရပြန်တာပေါ့။ အခုချိန်ရာသီဥတုနဲ့ စစ်ဘေးရှောင်နေရတော့ အကုန်လုံးအတွက် အခက်အခဲတွေဖြစ်နေကြတာပေါ့"ဟု ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားချိန်၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုနှင့်သေနတ်ပစ်ခတ်ရာမှ ထိမှန်မှုတို့ကြောင့် ဒေသခံ(၂၀)ဦးခန့်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကာ ဘားအံမြို့၊ မြဝတီမြို့နှင့်အခြားမြို့များသို့ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေရသူဦးရေမှာလည်း ၃၀၀၀၀ ကျော်အထိရှိနေကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် သက်ဆိုင်ရာ မြို့အသီးသီးမှတာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းဝင်များနှင့်အလှူရှင်များက လိုအပ်သည့် အခြေခံစား သောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်များ၊ တာလပတ်စများ၊အနွေးထည်များ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းစများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
KNU ၏ ဒူးပလာယာခရိုင်ရှိ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ မြဝတီနှင့် သင်္ဃန်းညီနောင်မြို့အနီးဝန်းကျင်တွင် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိရာမှ ယနေ့အချိန်တွင် တိုက်ပွဲအရှိန်မြှင့်တက်လာနေကြောင်း ဒေသခံများထံမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် လိုငွေပြနေလျက်ရှိပြီး Trade Policy တည်ငြိမ်ရေး ဆောင်ရွက်ပေးရန်လိုဟု အကြံပြုထောက်ပြမှုများရှိလာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ