အသက်(၆ဝ)အရွယ်အမျိုးသားတစ်ဦး ဦးခေါင်း ဆင်နင်းခံရ၍ ပွဲချင်းပြီးသေဆုံးမှု အုတ်တွင်းမြို့၌ ဖြစ်ပွား
Pearl၊ သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ဦးခေါင်း ဆင်နင်းခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့ထံမှ သိရသည်။
ယနေ့(ဒီဇင်ဘာ ၂၆ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာရှိ သံတံတားအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အုတ်တွင်းမှာက အခုရက်ပိုင်းအလှူပွဲတွေအများကြီးပါ။ ဆင်တွေနဲ့လှည့်တာတွေရှိတယ်။ အခုဖြစ်စဉ်ကလည်း ဆင်အဖော်ကွဲလို့ ဖြစ်တာပါ။ မအူပင်ကျေးရွာမှာ ဆင်မကြီးနဲ့လှည့်ပြီး အုတ်တွင်းမြို့ပေါ်က မဲကုန်းရပ်ကွက်မှာ အဲဒီဆင်အမေကြီးရဲ့သားနဲ့ လှည့်တယ်။ အဲဒီမှာ မအူပင်ရွာက ဆင်မကြီးက မှုန်ထပြီး ပြေးလာရင်းနဲ့ လမ်းမှာရှိတဲ့ တဲတွေ၊ အခင်းတွေကို ဖျက်ဆီးသွားတယ်။ နောက်ဆုံးမှာ မြက်ရိတ်နေတဲ့ လူကိုပါ နင်းသွားတာ” ဟု ရင်ခုန်သံရှင် ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဆင်နင်းခံရမှုကြောင့် အုန်းပင်ကျေးရွာတွင်နေထိုင်သည့် အသက်(၆ဝ)အရွယ် ဦးစိန်ဝင်းသည် ဦးခေါင်း ကြေမွဒဏ်ရာဖြင့် အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆင်နင်းခံရတဲ့လူက ပထမတော့ ပြေးသေးတယ်လို့ ပြောသံကြားတယ်။ နောက်တော့ မလွတ်ဘူးနဲ့တူပါတယ်။ ခေါင်းကို အနင်းခံလိုက်ရတယ်။ အဲဒီလိုဖြစ်စဉ်က ဒီမှာ ကြားတောင်မကြားဖူးပါဘူး။ အခုမှ ထူးထူးဆန်းဆန်းဖြစ် တာ။ အနောက်တောင်ပေါ်ဘက်က ဆင်ကွင်းမှာတော့ အဲဒီလိုတွေဖြစ်တာရှိတာပေါ့” ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရန်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အုတ်တွင်းမြို့နယ်ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အထက်ပါကဲ့သို့ ဆင်နင်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်ဦးစီးအား သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PNLO အခြေပြုဒေသတွင် စစ်ဘေးရှောင်ဦးရေ ၂ဝဝဝဝ ခန့် ရောက်ရှိခိုလှုံနေကာ ကိုယ်ဝန်ဆောင်များလည်း ပါဝင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ