PNLO အခြေပြုဒေသတွင် စစ်ဘေးရှောင်ဦးရေ ၂ဝဝဝဝ ခန့် ရောက်ရှိခိုလှုံနေကာ ကိုယ်ဝန်ဆောင်များလည်း ပါဝင်
ကျော် (NSS) - ဒီဇင်ဘာ ၂၆
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အခြေပြုဒေသများရှိ စစ်ဘေးရှောင်စခန်းများ၌ ယနေ့ ဒီဇင်ဘာ ၂၆ ရက်အထိ လူဦးရေ ၂ဝဝဝဝ ခန့်ရောက်ရှိခိုလှုံလျက်ရှိကာ ကိုယ်ဝန်ဆောင်များလည်း ပါဝင်ကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးထံမှ သိရသည်။
"စစ်ဘေးရှောင်တွေက ပိုများလာတယ်။ လူမျိုးပေါင်းစုံပါပဲ။ နောက်ကိုယ်ဝန်ဆောင်တွေလည်းပါတော့ သူတို့ အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ထောက်ပံ့ကူညီပေးနေပါတယ်။ လိုအပ်တာတွေကတော့ အများကြီး ရှိသေးတာပေါ့။ အခု ရာသီဥတုအေးလာပြီဆိုတော့ စောင်နဲ့ အနွေးထည်က ပိုလိုအပ်တယ်။ ကျွန်တော်တို့လည်း နိုင်သလောက်ထောက်ပံ့ပေးနေပါတယ်" ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံး၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိအချိန်၌ ကယားပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ၎င်းတို့သည် စစ်ဘေးရှောင်များအဖြစ် PNLO အခြေပြုဒေသများဖြစ်သော ဆီဆိုင်မြို့၊ ဘန်းယဥ်မြို့၊ နောင်မွန်မြို့၊ ဆိုက်ခေါင်မြို့၊ နောင်ထောဝ်မြို့ နှင့်ဆက်စပ် ဧရိယာများရှိ စစ်ဘေးရှောင်စခန်းများ၌ ရောက်ရှိခိုလှုံလျက်ရှိကာ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာသဖြင့် PNLO မှ တာဝန်ရှိသူများက စစ်ဘေးရှောင်များနေထိုင်ရန် တန်းလျားများ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
"စစ်ဘေးရှောင်စခန်းက ၂၁ ခုရှိတယ် တစ်ချို့စစ်ဘေးရှောင်တွေကြတော့ ဆွေမျိုးတွေ အိမ်မှာနေကြတာလည်း ရှိတယ်။ လက်ရှိ စစ်ဘေးရှောင်စခန်း ၂၁ ခုက လူတွေအတွက် စားနပ်ရိက္ခာတွေကိုလည်း လောက်အောင် ဖြည့်ဆည်းပေးနေတယ်။ လိုအပ်ချက်ကတော့ရှိတာပေါ့။ ကိုယ်ဝန်ဆောင်တွေကော သက်ကြီးရွယ်အိုတွေရော ကလေးတွေရော ပါတာဆိုတော့ သူတို့အတွက်ကိုလည်း အများကြီးစဥ်းစားရတယ်။ သူတို့တွေရဲ့ကျန်းမာရေးကို နေ့တိုင်းစောင့်ကြည့်စစ်ဆေးပေးနေတယ်” ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်များ စားသောက်မှုအဆင်ပြေစေရန် PNLO အုပ်ချုပ်ရေးဌာနနှင့် အလှူရှင်များက အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်အိတ်များ၊ ဆီများ နှင့် အခြားစားသောက်ကုန်များကို လူဦးရေအပေါ်မူတည်၍ (၂)ပတ်စာခန့်အား ပုံမှန်ပေးပို့ပေးလျက်ရှိပြီး PNLO အခြေပြုဒေသတွင် နေထိုင်သူများမှလည်း အဝတ်အထည်၊ စာသောက်ကုန် နှင့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းတို့ကို သီးသန့်လာရောက်လှူဒါန်းမှုများလည်း ရှိနေ ကြောင်း သိရသည်။
ထို့အတူ PNLO အုပ်ချုပ်ရေးဌာနမှတာဝန်ရှိသူများကလည်း စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းအပြင် စစ်ဘေးရှောင်များအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ဆေးဝါးများ၊ မိသားစုသုံးပစ္စည်းများကို ဖြန့်ဝေပေးလျက် ရှိပြီး စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာပါကလည်း လက်ခံ၍လိုအပ်သည်များကို ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့၌ ရေပေးဝေရေးစီမံကိန်းအကောင်အထည်ဖော်ရန် သဘောတူစာချုပ်ချုပ်ဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း