နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မန်ဆာကြီးကျေးရွာအုပ်စု၊ နားလင်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)၊ ည(၁)နာရီခွဲခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
နားလင်းကျေးရွာအနီးတစ်ဝိုက်တွင်လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
"လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားတဲ့အိမ်တစ်အိမ်ရှိတယ်။ နောက် အိမ်အမိုးတွေလန်သွားတဲ့အိမ်တစ်အိမ်ရှိတယ်လို့ကြားတယ်။ လက်ရှိ ကျွန် တော်တို့နေတဲ့နေရာနဲ့ နားလင်းရွာက လှမ်းတာရယ်၊ လမ်းခရီးစိတ်မချရတဲ့အနေအထားရယ်ကြောင့် သတင်းကြားတယ်။ သွားပြီးကူညီပေးနိုင်တာမရှိသေးပါဘူး။ အဲဒီဖက်ကအသိရွာသားတစ်ယောက်နဲ့တော့ ဖုန်းအဆက် အသွယ်ရထားတယ်"ဟု နမ္မတူမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ မီးလောင်မှုကြောင့် နေအိမ်အတွင်းသိုလှောင်ထားသည့် စပါးများ၊ ဆန်များ၊ ဆီပုံးများနှင့်ငွေကြေးအချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့သိရသလောက်တော့ လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားတဲ့အိမ်က လှောင်ထားတာတွေပျက်စီးတာရှိတယ်။ အိမ်လည်းအကုန်လုံးပျက်စီးသွားတယ်။ လူထိခိုက်တာတော့မရှိဘူးကြားတယ်။ အဲဒီရွာကိုလူကိုယ်တိုင်ရောက်မှပဲ အခြေအနေအတိအကျကိုသိရမှာ"ဟု နမ္မတူမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက် နံနက်အစောပိုင်းကလည်း နမ္မတူမြို့ရှိ ရပ်ကွက်(၆)နှင့်ရပ်ကွက်(၉)တို့မှ နေအိမ်နှစ်လုံးပေါ်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့်အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွေစပါးရာသီ၌ စက်သုံးဆီတစ်လီတာလျှင် ကျပ်(၂၈၀၀)ဝန်းကျင်ဖြင့် တောင်သူများကို ရောင်းချပေးရန် ပြင်ဆင်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ