မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးကို AA အဖွဲ့ လာရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေ
မြူနစ် (NSS) - ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်ရှိ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က လာရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့ ULA/AA အဖွဲ့ဝင်များသည် ယနေ့(ဒီဇင်ဘာ ၂၄ ရက်) နံနက် ၄ နာရီဝန်းကျင်အချိန်တွင် မြောက်ဦးမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက NP News ကို ပြောသည်။
“မနက်ကတော့ မြောက်ဦးမှာ တိုက်ပွဲဖြစ်တယ်။ မြောက်ဦးခရိုင်ရဲရုံးကို လာတိုက်တာပေါ့။ မနက် ၁၁ နာရီ လောက်မှာ ပြန်ဆုတ်သွားပါပြီ။ ခရိုင်ရဲရုံးကို သူတို့က အဝေးကနေပဲ တိုက်တာပါ။ အနားကို မကပ်နိုင်ပါဘူး” ဟု မြောက်ဦးမြို့ခံက ပြောသည်။
AA အဖွဲ့အနေဖြင့် ယင်းကဲ့သို့ လာရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အကြားတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မြောက်ဦးမြို့ခံများက ဆိုသည်။
အဆိုပါတိုက်ပွဲကြောင့် မြောက်ဦးမြို့နှင့်အနီးတစ်ဝိုက်ဒေသတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးကာ (၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ခြိမ်းခြောက်ခံနေရလို့ ဌာနဆိုင်ရာဝန်ထမ်းတွေက မြို့ပေါ်ကနေ ရှောင်နေရတာတွေ ရှိတယ်။ ပြီးခဲ့တဲ့တစ်ပတ် လောက်ကတည်းက မြို့ပေါ်၊ ရပ်ကွက်တွေမှာနေတဲ့လူတွေကို ရှောင်ဖို့ဆိုပြီးတော့ AA က ခြိမ်းခြောက် ပြောဆိုနေတာတွေရှိခဲ့တယ်။ ရှောင်နေရတဲ့သူတွေလည်း ရှိတာပေါ့” ဟု မြောက်ဦးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် မြောက်ဦးမြို့နှင့်အနီးတစ်ဝိုက်၌ တင်းမာလာသည့် စစ်ရေးပဋိပက္ခများကြောင့် မြို့ခံအများစုသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖောင်ဆောင်ခဲ့ကာ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
ပြီးခဲ့သောကာလများအတွင်း၌ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ မြို့ပြအဆောက်အဦးအများစုသည်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ပြန်လည်ဖြစ်ပွားလာသည့် တစ်ကျော့ပြန်စစ်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိပြီး ကုန်ဈေးနှုန်းများသည်လည်း အဆမတန်ကြီးမြင့်နေလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယကမ်းလွန်ပင်လယ်ပြင်တွင် အစ္စရေးနှင့်ဆက်နွယ်နေသည့် သင်္ဘောတစ်စီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ