ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့် ကျောက်သယ်ကားတို့တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ် နှင့် ကျောက်သယ်ကားတို့တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူအမျိုးသား ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးကားလမ်း၊ ရပ်ကွက်ကြီး (၁၇)ရှိ စိန်ခြူးဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့ ကားနဲ့က လားရာတူမောင်းလာရင်းနဲ့ ဆိုင်ကယ်ကို ကျောက်ကားက နောက်ကဝင်တိုက်တဲ့ သဘောပါ။ မြင်ရတာတော့ ဆိုင်ကယ်က ဖောကားရဲ့ရှေ့ဘီးအောက်ရောက်သွားတာ”ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးအနီးတွင် နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူ ဦးတင်မောင်အေးတွင် ဦးခေါင်းပွင့်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့လူကတော့ ပွဲချင်းဆုံးသွားတယ်။ ဦးခေါင်းပွင့်ထွက်သွားတယ်။ ဒီမှာက အရင်ကလည်းဖြစ်လေ့ရှိတယ်။ ကျောက်ကားတွေကလည်း အရမ်းမောင်းတာ။ ဆိုင်ကယ်တွေကလည်း ဖြည်းဖြည်းမမောင်းကြတာလည်းပါတာပေါ့” ဟု ၎င်းကဆက်လက် ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား တုသိတာလူမှုကူညီရေးအသင်းနှင့် သန္တိသုခလူမှုကူညီရေးအသင်းတို့မှ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖောကားယာဉ်မောင်းအား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အလားတူ ယမန်နေ့(ဒီဇင်ဘာလ ၂၂ ရက်)၊ ည ၁၁နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ပျင်းမပင်ရပ်ကွက်တွင် ကားတစ်စီးဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်မှုကြောင့် အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန် အပါအဝင် ပဲ နှင့် ပြောင်းတင်ပို့ခြင်းမှရရှိသော ပို့ကုန်ရငွေ (၇၀)ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းခြင်းအတွက်ပေးချေအသုံးပြုရန် စီစဥ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ