ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့်ဒုံးကျည်များက ကုန်တင်သင်္ဘောနှစ်စင်းကို ထိမှန်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးပြော
Pika (NSS) - ဒီဇင်ဘာ ၁၆
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသောနယ် မြေများမှ ဒီဇင်ဘာလ(၁၅)ရက်တွင် ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် Bab al-Mandab Strait ရေလက်ကြားရှိ လိုက်ဘေးရီးယားအလံတင် သင်္ဘောနှစ်စင်းကို ထိမှန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် နောက်ထပ်သတိပေးမှုများ မထုတ်ပြန်မချင်း ပင်လယ်နီမှတစ်ဆင့် ကွန်တိန်နာသင်္ဘောများသွားလာမှုအားလုံးကို ရပ် ဆိုင်းထားမည်ဖြစ်ကြောင်း ဒိန်းမတ်သင်္ဘောကုမ္ပဏီ AP Moller-Maersk ကပြောကြားခဲ့သည်။ ဂျာမနီကုမ္ပဏီ Hapag Lloyd ကလည်း အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ရန် စဉ်းစားနေကြောင်း သိရသည်။
ဒရုန်းဟု ယူဆရသည့် ဒုံးကျည်တစ်စင်းသည် လိုက်ဘေးရီးယားအလံတင်သင်္ဘောနှစ်စင်းထဲမှ တစ်စင်းဖြစ်သည့် ဂျာမနီနိုင်ငံပိုင် Al Jasrah သင်္ဘောကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုတွင် ပဲ့ထိန်းဒုံး ကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး ဒုံးကျည်တစ်စင်းသည် သင်္ဘောတစ်စင်းကို ထိမှန်ခဲ့ကြောင်း အဆိုပါ အမေရိကန်အရာရှိကပြောကြားခဲ့သည်။
အဆိုပါပဲ့ထိန်းဒုံးကျည်ထိမှန်မှုကြောင့် သင်္ဘောသည် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး သင်္ဘောအမှုထမ်းများက မီးငြှိမ်းသတ်ရန်လုပ်ဆောင်ခဲ့ရကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ဒုံးကျည်ထိမှန်ခဲ့သော သင်္ဘောကို ကူညီပေးရန်အတွက် အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စင်းက သွားရောက်ခဲ့ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် MSC Alanya နှင့် MSC Palatium III သင်္ဘောနှစ်စင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဂျာမနီနိုင်ငံပိုင် Al Jasrah သင်္ဘောကို ရေးသားဖော်ပြထားခြင်းမျိုးမရှိကြောင်းသိရသည်။ MSC ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက "Alanya သင်္ဘော တိုက်ခိုက်ခံရတာမျိုးမရှိခဲ့ပါဘူး"ဟု ပြောဆိုခဲ့သည်။
Palatium III သင်္ဘောတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ၎င်းကတုံ့ပြန်ဖြေကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောနှစ်စင်းလုံးသည် အစ္စရေးသို့ ဦးတည်သွားနေခဲ့ခြင်းဖြစ်ကြောင်း ဟူသီလက်နက် ကိုင်အဖွဲ့ကပြောဆိုခဲ့သည်။
သို့သော်လည်း MSC Alanya နှင့် MSC Palatium III သင်္ဘောနှစ်စင်းလုံးသည် ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့သို့ ဦးတည်သွားရန် စာရင်းသွင်းထားကြောင်း သင်္ဘောခြေရာခံခြင်းနှင့် ရေကြောင်းခွဲခြမ်းစိတ်ဖြာမှုများလုပ်ဆောင်သည့် MarineTraffic ကပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့က "ဂါဇာကမ်းမြောင်ဒေသက လူတွေလိုအပ်နေတဲ့ ဆေးဝါးနဲ့ အစားအစာတွေ မရမချင်း အစ္စရေးဆိပ်ကမ်းတွေကို သင်္ဘောတွေဆိုက်ကပ်တာမျိုးမရှိရအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ အစ္စရေးဆိပ်ကမ်းတွေကလွဲပြီး အခြားဆိပ်ကမ်းတွေကိုသွားတဲ့ သင်္ဘောတွေအားလုံး ထိခိုက်မှုမရှိစေရဖို့ ကျွန်တော်တို့ အာမခံပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့အထောက်အထားကိရိယာကိုတော့ တပ်ဆင်ထားရပါမယ်"ဟု သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ရောက်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ