မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် လာမည့် ၂ဝ၂၄ ခုနှစ်အထိ နှေးကွေးနေဦးမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
ယွန်း (NSS) - ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် လာမည့် ၂ဝ၂၄ ခုနှစ်အထိ နှေးကွေးနေဦးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၂)ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ၏ပဋိပက္ခအခြေအနေများ၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုအတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေများ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စု များအပေါ်တွင် အနုတ်လက္ခဏာဆောင်သည့်သက် ရောက်မှုများဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။
“ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” ဟု အမည်ပေးထားသည့်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် ၂ဝ၂၄ ခုနှစ်၊ မတ်လအထိ တစ်နှစ်အတွင်း (၁)ရာခိုင်နှုန်းခန့်သာရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ထို့ပြင် အောက်တိုဘာလမှစတင်ခဲ့သည့် ပြည်တွင်းပဋိပက္ခဖြစ်ပွားမှုမြင့်တက်ခဲ့ရာ လူဦးရေ(၅)သိန်းကျော်ခန့် နေရပ်စွန့်ခွာနေရပြီး ကုန်သွယ်မှုလမ်းကြောင်းများကို ထိခိုက်စေခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ် များ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားမှုများ ဆက်လက်မြင့်မားခြင်းမရှိတော့သည့်တိုင် လာမည့် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေဦးမည့်အပြင် ၂ဝ၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ် မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ နှေးကွေးကြန့်ကြာနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏စီးပွားရေးပမာဏသည် ၂ဝ၁၉ ခုနှစ်နှင့်နှိုင်းယှဥ်ပါက (၁ဝ) ရာခိုင်နှုန်း ဆက်လက်နိမ့်ကျ လျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက် နိုင်သည့် တစ်ခုတည်းသော နိုင်ငံအဖြစ် ရှိနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
“စီးပွားရေးအခြေအနေတွေ ဆိုးရွားနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီးဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှုပိုမြန်တဲ့ဒေသတွေမှာ နေထိုင်တဲ့အခြေခံလူတန်းစားများကို ပိုပြီးထိခိုက်စေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအို ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောထားသည်။
ယခု ၂ဝ၂၃ ခုနှစ်၊ ဇွန်လအထိ (၁၂)လတာကာလအတွင်း စားသုံးကုန်ပစ္စည်းများ တန်ဖိုးသည် (၂၉)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည့်အပြင် မကြာသေးခင်က မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု နှင့် ပဋိပက္ခများ ကျယ်ပြန့်လာခြင်း ကြောင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အုပ်စု၏ ရန်ကို ကာကွယ်ရန် အမေရိကန်ဦးဆောင်သည့်နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်မည့် ရေတပ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းရန်စီစဉ်
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း