ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှားလိုလားသော နိုင်ငံရေးသမားတစ်ဦး ကားဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ဟုဆို
Pika (NSS) - ဒီဇင်ဘာ ၇
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Lugansk ဒေသတွင် လွှတ်တော်အမတ်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရုရှားလိုလားသည့်နိုင်ငံရေးသမားတစ်ဦးသည် ဒီဇင်ဘာလ(၆)ရက်တွင် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။
ယူကရိန်းရှိ ဒေသအများအပြားတွင် ရုရှားက စေလွှတ်ထားသော အရာရှိအများအပြားသည် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရုရှားလိုလားသော Lugansk ဒေသဆိုင်ရာလွှတ်တော်တွင် လက်ထောက် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Oleg Popov သည် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ရုရှား၏ စုံစမ်း စစ်ဆေးရေးကော်မတီက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ ရုရှား၏ စုံစမ်းစစ်ဆေးရေး ကော်မတီက "အခင်းဖြစ်ပွားတဲ့အခြေအနေတွေနဲ့ ဒီရာဇဝတ်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် Lugansk မြို့လယ်ရှိ အားကစားကွင်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှား အစိုးရစေလွှတ်ထားသော အရာရှိ Vladimir Rogov က ပြောကြားခဲ့သည်။ ၎င်း က "Lugansk မြို့လယ်မှာ အကြမ်းဖက်အဖွဲ့တွေဟာ ကားတစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Lugansk ဒေသ လွှတ်တော်အမတ် Mikhail Filiponenko သည် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီးနောက် တစ်လမပြည့်မီအချိန်အတွင်း အဆိုပါတိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် Oleg Popov သေဆုံးမှုနှင့်ပတ်သက်ပြီး ယူကရိန်းဖက်မှ မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်ကားပေါ်တွင် ဆပ်ပြာခွက်များဖြင့် သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း(၂၀၀၀)နီးပါ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ