မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့
မြူနစ် (NSS) - နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
တအာင်းလက်နက်ကိုင် TNLA ပူးပေါင်းအဖွဲ့သည် ယမန်နေ့(နိုဝင်ဘာလ ၂၆ ရက်)၊ နေ့လည်ပိုင်းမှစ၍ မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်းကို ဒရုန်းများအသုံးပြုကာ Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မူဆယ် (၁၀၅)မိုင်ကုန်းကို Drop ဗုံးလာချတာပေါ့။ အဲဒါကို မြို့ထဲဘက်မှာ အခြေချတဲ့တပ်တွေက Drop ဗုံးချဖို့ စုဖွဲ့တဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ပေးတာပေါ့။ နေ့လည်ပိုင်းကစပြီးတော့ ညပိုင်းအထိဖြစ်တာ။ ပြောရရင်တော့ ဆက်တိုက်ပဲ။ ခဏနားလိုက် ပြန်ဖြစ်လိုက်နဲ့ပေါ့ တိုက်ပွဲက တစ်ညလုံးလိုပဲ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် နှင့် အနီးတစ်ဝိုက် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့သည့်အတွက် လူနေအိမ်နှင့် အဆောက်အဦးအချို့၊ ကုန်ကားအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အရပ်သားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ကုန်သွယ်ရေးဇုန်နားမှာ လေးလုံးကျတယ်။ ကုန်သွယ်ရေးဇုန်နဲ့ လမ်းဟိုဘက်ဒီဘက်ပဲခြားတဲ့ ကမ္ဘောဇဘဏ်ရှေ့မှာလည်း ကျတယ်။ ကျတဲ့ အိမ်မှာက ကားသမားတစ်ယောက်ငှားနေတယ်။ သူကတော့ အသက်ဆုံးရှုံးသွားတာပေါ့။ ပျက်စီးမှုကတော့ ကားတွေလည်း တစ်ချို့တစ်ဝက်ထိခိုက်ပျက်စီးတာရှိတယ်။ လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ ဟိုဘက်မှာတော့ ဘယ်လိုတွေ ဆုံးရှုံးသွားလဲ မသိရပါဘူး” ဟု ကုန်သွယ် ရေးဇုန်အနီးရှိ ဒေသခံတစ်ဦးက NSS ကို ပြောသည်။
နှစ်ဖက်ကြားတိုက်ပွဲများသည် မူဆယ်မြို့အတွင်းသို့ ကူးစက်လာမည်ကို မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြန်မာ-တရုတ်နယ်စပ်၊ ကျင်စန်းကျော့ဂိတ်အနီးရှိ ကားဝင်းသို့ TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်သော Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် လူသုံးကုန်နှင့် ဆေးဝါးများတင်ဆောင်ထားသည့် ကုန်ကားအစီးရေ (၁၂၀)ခန့် မီးလောက်ပျက်စီးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်လနီးပါးကာလအတွင်း မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၈ဝဝဝ)ကျော် ဖမ်းဆီးရမိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ