အစ္စရေးနိုင်ငံသား ဘီလျံနာတစ်ဦးပိုင်ဆိုင်တဲ့သင်္ဘောကို အီရန်နိုင်ငံက ဒရုန်းနဲ့တိုက်ခိုက်ခဲ့
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၆
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အစ္စရေးဘီလျံနာ ပိုင်ဆိုင်တဲ့ ကွန်တိန်နာသင်္ဘောတစ်စင်းကို အီရန်နိုင်ငံက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားတင်းမာမှုတွေရှိနေချိန်မှာပဲ အီရန်က အစ္စရေးနိုင်ငံသား ပိုင် ကုန်စည်သင်္ဘောကိုတိုက်ခိုက်တဲ့သတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲတဲ့ CMA CGM Symi ကုန်စည်သင်္ဘောတိုက်ခိုက်ခံရမှုဟာ ဒေသအတွင်း ပဋိပက္ခတွေအထိ ဦးတည်လာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။ မော်လ်တာ နိုင်ငံအလံလွှင့်ထူထားပြီး အစ္စရေး နိုင်ငံသားပိုင်ဆိုင်တဲ့ကုန်စည်သင်္ဘောဟာ ဗုံးများ တင်ဆောင်နိုင်တဲ့ Shahed-136 အမျိုးအစား ဒရုန်းနဲ့ တိုက်ခိုက်ခံ ရခြင်းဖြစ်ကြောင်း၊ ဒရုန်းပေါက်ကွဲခဲ့တဲ့အတွက် သင်္ဘောထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘောသားများ ဒဏ်ရာရမှုမရှိခဲ့ ကြောင်း သိရပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက "အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင်နေတယ်။ ကျွန်တော်တို့ဟာ အနီးကပ်စောင့်ကြည့်နေပါတယ်" လို့ ပြောပါတယ်။
အာရပ်ချန်နယ်တစ်ခုဖြစ်တဲ့ Al-Mayadeen က အစ္စရေးသင်္ဘောတစ်စီးဟာ အိန္ဒိယသမုဒ္ဒရာအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း ဟူသီလက်နက်ကိုင် အဖွဲ့ဟာ အစ္စရေးနိုင်ငံသား ပိုင်ဆိုင်တယ်ဆိုတဲ့သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရပါတယ်။
အစ္စရေးအစိုးရက အဲဒီသင်္ဘောဟာ အစ္စရေးပိုင်မဟုတ်သလို သင်္ဘောသားတွေထဲမှာလည်း အစ္စရေးနိုင်ငံသားတွေ မပါဝင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်လာခဲ့ပြီးနောက် ဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခဲ့ရာ အစ္စရေးပိုင်ဆိုင်တဲ့အရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့ စီစဉ်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့တွင် OSWSC တစ်ခုဖွင့်ရန် စီစဉ်နေ
RELATED POSTS
07 Oct 2024 | နိုင်ငံရေး,ပြည်တွင်း