လွိုင်လင်မြို့နယ်၌ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ALPHARD ကားပေါ်မှ ငွေကျပ် ( ၁ ဒသမ ၃၅)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် ကွင်းဆက်စစ်ဆေးချက်အရ လက်နက်ခဲယမ်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော(နိုဝင်ဘာလ ၁၂ ရက်)၊ ည ၁၀နာရီခန့်က၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၏ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ ခင်ထွေး(ခ)ခင်သိန်း မောင်းလာသည့် TOYOTA ALPHARD ကားအား ရှာဖွေစစ်ဆေးခဲ့ကြသည်။
ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ် (၁ ဒသမ ၃၅ ဘီလျံ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄ ဒသမ ၄သိန်း)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၅ နာရီခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းလွယ်ခမ်းနေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိနေအိမ်အား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ ရှာဖွေစစ်ဆေးရာနေအိမ်၌ စိုင်းလွယ်ခမ်းအားတွေ့ရှိခဲ့ရပြီး ၎င်း၏နေအိမ်အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ်(၂)လက်၊ ကျည်အိမ် (၂)ခု၊ 9 MM LUGER ကျည် အတောင့်(၅၀)၊ လက်ပစ်ဗုံး(၂)လုံးနှင့် ဆက်စပ်ပစ္စည်းများအပြင် TOYOTA HARRIER ကား(၂)စီး၊ TOYOTA CROWN ကား တစ်စီးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ်ဆောင်ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်ကာ ကွင်းဆက်များအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ