တောင်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် စစ်လက်နက်ပစ္စည်းအသစ်များကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၂၃
တောင်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် စစ်လက်နက်ပစ္စည်းအသစ်များနှင့် တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာလ(၂၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
မြောက်ကိုရီးယား၏ စစ်ဘက်သုံးစပိုင်ဂြိုလ်တုလွှတ်တင်မှုကို ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ သည် နှစ်နိုင်ငံကြား ချုပ်ဆိုထားသော ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီမှုအစိတ်အပိုင်းအချို့ကို ဆိုင်းငံ့လိုက် ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုများကို လျှော့ချရန် ရည်ရွယ်ထားသော တောင်ကိုရီးယား နှင့် သဘောတူညီချက်များအရ ရပ်ဆိုင်းထားသော စစ်ရေးအစီအစဉ်များအားလုံးကို ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် "၂ဝ၁၈ ခုနှစ် စက်တင်ဘာလ(၁၉)ရက်မှာ တောင်ကိုရီးယားနဲ့ချုပ်ဆိုခဲ့တဲ့ စစ်ရေး သဘောတူညီချက်တွေအတိုင်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေ အပါအဝင် အခြားနယ်ပယ်အားလုံးမှာ စစ်ရေးတင်းမာမှုတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားလာမှာကို တားဆီးဖို့လုပ်ဆောင် ထားတဲ့စစ်ရေးသဘောတူညီချက်တွေအားလုံးကို ကျွန်တော်တို့ ရုတ်သိမ်းလိုက်ပါပြီ။ တောင်ကိုရီးယားနဲ့ နယ်စပ် တစ်လျှောက်မှာ ပိုမိုအားကောင်းတဲ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းအသစ်တွေကို ဖြန့်ကျက်ချထားသွား မှာပါ" ဟု ဖော်ပြသည်။
တောင်ကိုရီးယားသည် နိုဝင်ဘာလ(၂၂)ရက်တွင် မြောက်ကိုရီးယား နှင့် ချုပ်ဆိုထားသော စစ်ရေးသဘောတူညီ ချက်များကို ဆိုင်းငံ့ခဲ့ပြီး မြောက်ကိုရီးယား နှင့် နယ်စပ်တစ်လျှောက်တွင် ထောက်လှမ်းရေးများကို ချက်ချင်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ တောင်ကိုရီးယားသည် Comprehensive Military Agreement (CMA) ဟုခေါ်သော သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားဖက်က စွပ်စွဲ ပြောခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံကြား စစ်ပွဲများဖြစ်ပွားလာမည်ဆိုပါက တောင်ကိုရီးယားဖက်က အပြည့်အဝတာဝန်ယူရမည်ဖြစ် ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောခဲ့သည်။ မြောက်ကိုရီးယားသည် နိုဝင်ဘာလ(၂၂)ရက်တွင် ၎င်း၏ အရှေ့ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ထုတ်ပြန်ပြောခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါပစ်လွှတ်မှုမှာ ကျရှုံးခဲ့ပုံပေါ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောခဲ့သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ချုပ်ဆိုထားသော စစ်ရေးသဘောတူညီချက်များကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ(၁၉)ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်းမွန်ဂျေးအင် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အိန္ဒိယအစိုးရကို အမေရိကန်အစိုးရ သတိပေး
RELATED POSTS
07 Oct 2024 | နိုင်ငံရေး,ပြည်တွင်း