မကွေးတိုင်းအတွင်း မိုင်းပေါက်ကွဲမှုကြောင့် တစ်ရက်တည်း၌ လူ(၄)ဦးထက် မနည်းသေဆုံး
Pearl (NSS) - နိုဝင်ဘာ ၂၀
မကွေးတိုင်းအတွင်း တစ်ရက်တည်း၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် (၄)ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈)ရက်တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် မြိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နံ့သာကျေးရွာတွင်နေထိုင်သော မခင်သန်းမွန်သည် နိုဝင်ဘာလ(၁၈) ရက်၊ ည(၆)နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်တွင်နေထိုင်သော ကိုဇော်လင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပဲခူးတိုင်း ၊ တောင်ငူမြို့မှ နံ့သာကျေးရွာသို့ ဆိပ်ဖြူ- လက်ဆည်-ရွှေဘိုကျွန်း-ပေါက်ကားလမ်းအတိုင်း ပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လာစဉ် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာ နှင့် ကျောက်ကြီးကျေးရွာကြားအရောက်၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ၎င်းတို့ နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ အဆိုပါနေ့ ည(၇)နာရီ အချိန်ခန့်တွင်လည်း မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင် နေသူများဖြစ်သည့် ဦးကျော်ရင် နှင့် ဦးမြတ်စိုးမင်းတို့သည် ၎င်းတို့၏ယာခင်းသို့ ခြေလျင်သွားစဉ် ကျေးရွာ၏အရှေ့မြောက်ဘက် ကျေးရွာချင်းဆက်လမ်းပေါ်သို့ အရောက်၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ