Express ယာဉ်မောင်း အိပ်ငိုက်ခဲ့ရာ မျက်နှာချင်းဆိုင်မှ ယာဥ်ကိုဝင်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁ဝ
ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Express ယာဉ်မောင်းသည် အိပ်ငိုက်၍ မျက်နှာချင်းဆိုင်မှ TOYOTA ALPHARD ယာဥ်ကို ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (နိုဝင်ဘာ ၁ဝ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်(၄၅/၄) နှင့် (၄၅/၅) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ “ဒို့ညီနောင်” Express ယာဥ်မောင်းက အိပ်ငိုက်သွားပြီး တစ်ဖက်ယာဉ်ကြောကလာတဲ့ ALPHARD ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်မိတာ။ အဲဒီကနေ လမ်းဘေးတံတား ဘောင်ကို ထပ်တိုက်တာ” ဟု ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် TOYOTA ALPHARD ကားပေါ်မှ လင်မယား(၂)ဦးအနက် အမျိုးသမီးတစ်ဦးတွင် ညာခြေထောက် နှင့် ညာလက်ကျိုးကာ ရင်ဘတ်အောင့်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
“ခရီးသည်တင်ကားပေါ်မှာပါလာတဲ့ ခရီးသည် (၂၉)ယောက်က ထိခိုက်တာမရှိဘူး။ ALPHARD ပေါ်ပါလာတဲ့ အမျိုးသမီးပဲ ထိခိုက်မိတာ။ သူအမျိုးသားက ထိခိုက်ဒဏ်ရာရတာ အနည်းငယ်ပဲရတယ်။ (၂)ယောက်လုံးကို ဆေးရုံ ပို့ထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့က ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသည်တင်ယာဉ်မောင်းအား ဘောနီအမြန်လမ်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂ဝ၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ခရီးမသွားဖို့ ဗီယက်နမ်နိုင်ငံသားများကို ဗီယက်နမ်အစိုးရ သတိပေးချက်ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ