Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“Online လိမ်လည်မှုတွေကို တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်မယ်” (အင်တာဗျူး)

NSS - နိုဝင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် လာရောက်တွေ့ဆုံမေးမြန်းမှုအကျဉ်းချုပ်အား NP News မှ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

မေး ။ အခုလိုလာရောက်ဖြေကြားတဲ့အတွက် ကျေးဇူး တင်ပါတယ်။

ဖြေ ။ အခုလိုလာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံမှ မီဒီယာများထဲမှ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့မီဒီယာလို့ မှတ်မိနေပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့အချိန်မှာ Interview ရိုက်ကူးခဲ့တာဖြစ်လို့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုသိရဖို့ လာရောက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မေး ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင်သိခဲ့ပါသလဲ။

ဖြေ ။ ၂၀၂၀ - ၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ - ၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီလောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့ သတင်းရရှိခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၁ - ၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာ သိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ်ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်တာကိုလည်း တွေ့ပါတယ်။ Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့နေရာမှာ လုပ်တာလည်း ဖြစ်ပါတယ်။

မေး ။ Online လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိချင်း ဘယ်လိုစီမံမှုတွေ ပြုလုပ်ခဲ့ပါသလဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။

ဖြေ ။ မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး ။ Online ပေါ်မှာ သိတဲ့တစ်ယောက်က သူထိန်းချုပ်ခံရတယ်လို့ လူကြီးတွေကို သိအောင်ပြောပေးပါဆိုပြီး ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်မှုများကို ပြောပေးပါ။ ဖမ်းဆီးခဲ့တာ ဘယ်လောက်သိမ်းဆည်းရမိခဲ့ပါသလဲ။ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဘယ်နှစ်ဦး ပါပါသလဲ။

ဖြေ ။ ဖမ်းဆီးရမိခဲ့တာတော့ တစ်ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်းမျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

မေး ။ ယခုအချိန် Online လိမ်ညာနေတဲ့အဖွဲ့ ဘယ်နှစ်ဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ ။ “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများ ဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။

မေး ။ အခုထပ်ပြီး ဘယ်နှစ်နေရာရှိပါသလဲ။ နှိမ်နင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို တရုတ်ပြည်သူတွေက အရေးတကြီး သိချင်နေပါတယ်။

ဖြေ ။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ်ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မေး ။ အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော်ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက်ခဲ့ပါသလား။ ဘယ်လိုနှိမ်နင်းခဲ့ပါသလဲ။

ဖြေ ။ “ဝ”နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူးဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှမရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ်စကားပြောတတ်သူသာများပြီး မြန်မာစကားပြောတတ်သူ ရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီအခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။

မေး ။ ဒီမှာရှိနေတဲ့ လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရော ပါလား။ သူတို့ထောက်ခံအားပေးတဲ့သူတွေ ပါလား။ မြန်မာအစိုးရရောပါလား။

ဖြေ ။ “ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်ကဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်းမပြုတာ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါးကို DEA ရဲ့ မူးယစ်ဆေးတရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ “ဝ” နယ်မြေနဲ့ UWSA ရဲ့ “ဝ” နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဘိန်းပပျောက်ရေးအတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမရူးသွပ်ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ်ပူးပေါင်းပြီး နှိမ်နင်းခဲ့ရပါတယ်။ ယခုတတိယအကြိမ် ကတော့ Online လိမ်ညာမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။ “ဝ” နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ ငွေဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲ ရှိနိုင်ပါတယ်။ “ဝ”ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင်သိပါတယ်။  

ဒါ့ကြောင့် “ဝ”တွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတယ်။ ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲဖြစ်ပါတယ်။ အဲဒီနယ်ထဲမှာ(တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှု တွေဖြစ်ခဲ့ပါတယ်။ ဘာလို့သမိုင်းကြောင်းကို ပြန်ပြောလည်းဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။ Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေဘယ်ရောက်နေလဲဆိုရင် “ဝ”နဲ့ မိုင်းလားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီဘယ်လောက်ရှိလဲဆိုတာ ဖူအာနဲ့ ကူမင်းမှာရှိတဲ့ ပြည်သူတွေကိုမေးကြည့်ရင် ပေါ်လာပါလိမ့်မယ်။

မေး ။ မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ပေါင်းပြီး ဒီ “ဝ”နဲ့ မိုင်းလားဒေသကို ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ ။ “ဝ”နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီနေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ပေါင်းပြီး ဖိအားပေးရမှာဖြစ်ပါတယ်။

မေး ။ အခုလို ပူးပေါင်းဆောင်ရွက်ဖြေရှင်းတယ်ဆိုတာ ကောင်းပါတယ်။ မြန်မာအစိုးရကသူတွေ ဒီ Online လိမ်လည်မှုမှာ မပါဝင်ဘူးဆိုရင် ဘယ်သူတွေက ပါဝင်နေလဲ။

ဖြေ ။ အဓိက ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

မေး တကယ်လို့များ မြန်မာဝန်ထမ်းတွေ ပါဝင်ရင် ဘယ်လိုဥပဒေအရ ဖြေရှင်းပေးမှာလဲ။

ဖြေ ။ Online၊ လောင်းကစားဥပဒေများ ရှိပြီးဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းကာ အမြစ်ပြတ် ဆောင်ရွက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

မေး ။ အခု “ဝ”နှစ်ယောက်ကို ဖမ်းဝရမ်းထုတ်ပြန်တာ မြန်မာဘက်က သိပါသလား။

ဖြေ ။ “ဝ”ဒေသက UWSA အဖွဲ့ဝင် ဖြစ်ပါတယ်။ “ဝ” ဒေသမှာ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံကပါ ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးက သူတို့နယ်မြေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နယ်မြေထဲမှာပဲ နေချင်ရင်နေ၊ပြေးမယ်ဆိုရင်လည်း ပြည်ပနိုင်ငံဘက်ကို ထွက်ပြေးဖို့ပဲ ရှိပါတယ်။တရုတ်နိုင်ငံဘက်မှ ဖိအားပေးနေပြီး မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးရမိပါက တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ အဲဒီနှစ်ယောက်က မြန်မာ-တရုတ် ဖမ်းဝရမ်းထုတ်ထား ကြောင်းသိရပါတယ်။ ဘယ်ကိုသွားမယ်လို့ ထင်ပါသလဲ။ သူတို့ရဲ့လားရာနဲ့ သဲလွန်စတွေရော ဘာတွေ သိထားပါသလဲ။

ဖြေ ။ သူတို့ “ဝ”နယ်မြေထဲက ထွက်သွားတဲ့အထောက်အထား မရှိသေးပါဘူး။

မေး ။ ဒီနှစ်ယောက်က တရုတ်နိုင်ငံသားလည်းဖြစ်ပြီး မြန်မာနိုင်ငံသားလည်း ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသား ဖြစ်လို့ရပါသလား။

ဖြေ ။ တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ပြဿနာဖြစ်ပါ တယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ WY ဆေးပြားပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စသုံးခု ဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူနဲ့ WY ပြဿနာကို တရုတ်ပြည်သူတွေ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘိန်းဖြူနဲ့ WY ဆေးပြားကို တရုတ်ဘက်ကို မသွင်းရဲဘဲ လာအိုနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် အခြားနေရာတွေကို ဖြန့်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေရဲ့ စီးပွားရေးအရင်းအမြစ်ဟာ တရားမဝင် လုပ်ငန်းတွေကနေ ရခြင်းဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစု အလိမ်ခံရတာကြောင့် တရုတ်က စတင်ခံစားရတာ ဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာကို ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နံပါတ်တစ် အဲဒီနယ်မြေမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရမှာဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကို နှစ်နိုင်ငံအစိုးရက ဝင်ခွင့်ရအောင်လုပ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

မေး ။ ပူးပေါင်းစစ်ဆင်ရေးစခန်း ဖွင့်ထားပါသလား။ အဲဒီအခြေအနေကို သိချင်ပါတယ်။

ဖြေ ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးစခန်းဖွင့်ထားတာ မရှိပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ဆက်ဆံမှုကတော့ စဉ်ဆက်မပြတ်ရှိပါတယ်။ ဒီကိစ္စဟာ တရုတ်ပြည်သူတွေသာမက မြန်မာပြည်သူတွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်းကျရပါတယ်။ သို့သော် သတိပြုရမှာက Online လိမ်ညာမှုကိစ္စကို ဖြေရှင်းရုံနဲ့ ဒီလိုကိစ္စတွေပြီးသွားမှာ မဟုတ်ပါဘူး။ သမိုင်းကြောင်းကို သိရမယ်၊ အရင်းအမြစ်ကို သိရမယ်၊ ပြဿနာဖြစ်စေတဲ့ အရင်းအမြစ်ကိုသိပြီး နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။

မေး ။ အခုလိုသေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် အခက်အခဲ ပြဿနာက ဘာရှိသလဲ။

ဖြေ ။ “ဝ”နဲ့ မိုင်းလားနယ်မြေထဲ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။

မေး ။ အခုလိုမျိုး ဖြေရှင်းပြီးရင် ဒေသခံပြည်သူတွေ စားဝတ်နေရေး ဘယ်လိုရှင်သန်မလဲ၊ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။

ဖြေ ။ အဲဒီဒေသက သာမန်ပြည်သူလူထုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲ လုပ်ပါတယ်။ “ဝ” တောင်ပိုင်းမှာ ရော်ဘာလုပ်ငန်း အဓိကလုပ်ပါတယ်။ “ဝ” နဲ့ မိုင်းလားပြည်သူတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားရေးအခွင့်အလမ်းရှိပြီးဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။ သာမန်ပြည်သူတွေအနေနဲ့ Online လိမ်လည်မှုနဲ့ မပတ်သက်ဘဲ ခေါင်းဆောင်ပိုင်းကသာ ပတ်သက်နေတာဖြစ်ပါတယ်။ ထွက်ပြေးနေတဲ့သူတွေဟာ “ဝ” လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်ပါတယ်။ “ဝ” အကြီးအကဲ ပေါက်ယူချန်းနဲ့ ဆွေမျိုးတော်တဲ့သူလည်း ဖြစ်ပါတယ်။ “ဝ”အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။ ဒါဆိုရင်ခင်ဗျားတို့ ရိပ်မိမှာဖြစ်ပါတယ်။ Online လိမ်ညာမှုတွေကို သာမန်ပြည်သူတွေက မလုပ်နိုင်ဘဲ ဘယ်ကရောက်လာတာလဲ၊ ဘယ်သူတွေ အကာအကွယ်ပေးနေလဲဆိုတာ သိနိုင်မယ်ထင်ပါတယ်။

မေး ။ အခု ဒီပူးပေါင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ တရုတ်က အကျိုးရှိရှိ လုပ်ဆောင်မယ်ထင်ပါသလား။

ဖြေ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်နဲ့သာမက ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့လည်း တွေ့ပြီးဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှု အများကြီးရခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ပူးပေါင်းမှုကို အားရမှုရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို တရုတ်ပြည်သူတွေ နစ်နာမှုရှိလို့ တရုတ်အစိုးရက အရေးကြီးကိစ္စအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ နစ်နာမှုရှိသလို သိက္ခာလည်းကျတာဖြစ်လို့ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာတွေလုပ်ဆောင်တာဟာ သာမန် တရုတ်၊ မြန်မာပြည်သူတွေ မဟုတ်ပါဘူး။ တရုတ်နဲ့ နိုင်ငံတကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစားလုပ်နေတဲ့သူတွေက ဦးဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အပြစ်ရှိတဲ့သူလည်းရှိတယ်၊ တရုတ်နိုင်ငံထဲက အပြစ်ရှိတဲ့သူလည်းရှိတယ်။ တရုတ်တွေက မြန်မာတွေကို လိမ်တာမဟုတ်သလို မြန်မာတွေက တရုတ်ကိုလိမ်တာလည်း မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားပြီး အပြစ်ရှိတဲ့ ပြည်ပြေးလူတစ်စုက ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို လိမ်နေတာဖြစ်ပါတယ်။ အပြစ်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူရမှာဖြစ်ပါတယ်။ အကာအကွယ်ပေးသူတွေကိုလည်း အရေးယူရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရပါမယ်။ ဒါမှ နှစ်နိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေး ခိုင်ခံ့မှာဖြစ်ပါတယ်။

မေး ။ အခု နှစ်နိုင်ငံက အစည်းအဝေးလုပ်ပြီး ဖြေရှင်းနေတယ်ဆိုတော့ ဘယ်လိုနည်းလမ်း စီမံချက်တွေနဲ့ဆောင်ရွက်နေပါသလဲ။

ဖြေ ။ (တစ်)နှစ်နိုင်ငံ သတင်းအချက်အလက်ဖလှယ်တာရှိပါတယ်။ (နှစ်) နှစ်နိုင်ငံ Online စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ပြီး စောင့်ကြည့်နေပါတယ်။ (သုံး) လက်တွေ့ဖမ်းဆီးမှုရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာဘက်မှာ သံသယရှိတဲ့စာရင်းပေးရင် လာတဲ့လမ်းကြောင်းစုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေရှိပါတယ်။ အချို့လူတွေက တရားဥပဒေချိုးဖောက်တာ ခိုင်လုံရင် ဖမ်းဆီးပါတယ်။ မခိုင်လုံရင် စောင့်ကြည့်တာ၊ မေးမြန်းတာတွေလုပ်ပါတယ်။ ပေးလို့ရတဲ့ အချက်အလက်တွေ အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင်စစ်ဆေးတာ ရှိပါတယ်။ ဒီသတင်းအချက်အလက်တွေကိုကြည့်ပြီး နှစ်နိုင်ငံ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီး နှိမ်နင်းဖမ်းဆီးတာတွေ ဆောင်ရွက်ပါတယ်။

မေး ။ အဲဒါဆိုရင် ကွင်းဆင်းဖမ်းဆီးဖို့ ရှိပါသလား။

ဖြေ ။ အဲဒါကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနယ်မြေကို ဒီကိစ္စတစ်ခုပဲ ကုသလို့မဖြစ်ဘူး။ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့လိုအပ်ပါတယ်။

မေး ။ အခုထိ ဝင်လို့မရသေးဘူးပေါ့။

ဖြေ ။ မှန်ပါတယ်။

မေး ။ အဲဒီကို သွားမယ်ဆိုရင် မြန်မာအစိုးရနဲ့ ဒေသခံတွေ တိုက်ပွဲတွေ ရှိနိုင်ပါသလား။

ဖြေ ။ မှန်ပါတယ်။ ဒါကြောင့် တရုတ်-မြန်မာပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေးဝင်ဖို့လိုမယ်လို့ ပြောခြင်းဖြစ်ပါတယ်။

Phoenix Media ။ ကျေးဇူးတင်ပါတယ်။ အခုလိုရှင်းပြပေးတာ။

အထက်ပါ တွေ့ဆုံမေးမြန်းမှုအပြည့်အစုံအား Phoenix New Media တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ သေဆုံးခြင်း၊ လက်နက်ချခြင်းမျိုးနဲ့သာတွေ့ကြုံရမယ်လို့ အစ္စရေးစစ်ဘက် သတိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved