ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး
Pika (NSS) - အောက်တိုဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အပြင်ဘက်တွင် အောက်တိုဘာလ(၂၃)ရက်က ကုန်တင်ရထားနှင့် ခရီးသည်တင်ရထားတို့ တိုက်မိခဲ့ရာ အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် အေက်တိုဘာလ(၂၃)ရက်၊ ညနေ(၃)နာရီခွဲအချိန်တွင် Kishoreganj ခရိုင် Bhairab မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်အရာရှိ Mosharraf Hossain ကပြောကြားခဲ့သည်။ ထို့ပြင် ကယ်ဆယ်ရေးသမားများသည် ရထားတွဲအပျက်အစီးများအောက်တွင် ပိတ်မိနေသော ခရီးသည်များကို ကယ်ဆယ်ရန်အတွက် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် အနည်းဆုံးလူ(၁၅)ဦး၏ ရုပ်အလောင်းကို အပျက်အစီးများအောက်မှ ဆွဲထုတ်နိုင်ခဲ့ပြီး သေဆုံးသူဦးရေမှာ တိုးလာနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
၎င်းက "ဒါဟာ တကယ်ကို ဖရိုဖရဲအခြေအနေတစ်ခုပါပဲ"ဟု ပြောဆိုခဲ့သည်။ Dhaka-bound Egarosindur Godhuli Express ခရီးသည်တင်ရထား၏ နောက်တွဲနှစ်တွဲကို Chattogram မြို့သို့ဦးတည်နေသော ကုန်တင်ရထားကဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်းမီးသတ်အရာရှိ Azizul Haque Rajon ကပြောကြားခဲ့သည်။ ရထားတွဲအပျက်အစီးများအောက်တွင် နောက်ထပ်လူဘယ်နှစ်ဦး ပိတ်မိနေသလဲဆိုသည့်အချက်ကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း Azizul Haque Rajon ကပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် နိုင်ငံတွင်းရှိ အခြားနေရာအနှံ့အပြားသို့ရထားပြေးဆွဲမှုများကို ရပ်တန့်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။ အဆိုပါရထားတိုက်မှုဘာကြောင့် ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားမတော်တဆမှုမျာား မကြာခဏဖြစ်ပွားလေ့ရှိပြီး ရထားလမ်းဖြတ်ကျော်မှုများနှင့်ပတ်သက်ပြီး ကြီးကြပ်မှုမရှိခြင်း၊ အချက်ပြမှုညံ့ဖျင်းခြင်းနှင့် လမ်းကြောအခြေအနေဆိုးရွားမှုများကြောင့် ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြူခိုးများထူထပ်စွာကျဆင်းမှုကြောင့် အမေရိကန်နိုင်ငံတွင် ကားအစီးရေ (၁၅ဝ)ကျော် ဆင့်တိုက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ