လေယာဉ်ပျက်ကျအောင် ကြိုးပမ်းခဲ့သော လေယာဉ်မှူးကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်(၈၃)ခုတင်
Pika (NSS) - အောက်တိုဘာ ၂၄
အမေရိကန်နိုင်ငံတွင် Alaska လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပျံသန်းနေစဉ်အချိန်အတွင်း ပျက်ကျအောင် ကြိုးပမ်းခဲ့ပြီးနောက် လူသတ်ရန်ကြိုးပမ်းမှုအပါအဝင် စွဲချက်(၈၃)မှုဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ဒေသတွင်းတာဝန်ရှိသူများနှင့် မျက်မြင်သက်သေများ၏ပြောကြားချက်အရသိရသည်။
ဝါရှင်တန်ပြည်နယ် Everett မြို့မှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့သို့ ပျံသန်းခဲ့သည့်ခရီးစဉ်အတွင်း အသက်(၄၄)နှစ်အရွယ် လေယာဉ်မှူးဂျိုးဆက်ဒေးဗစ်အမ်မာဆန်သည် လေယာဉ်အင်ဂျင်များသို့ လောင်စာဆီစီးဆင်းမှု ရပ်တန့်သွားစေမည့် စနစ်ကို ပိတ်ပစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
Alaskaလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက "လေယာဉ်မှူးတစ်ဦးဟာ အင်ဂျင်လည်ပတ်မှုကို နှောင့်ယှက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ အမှုထမ်းတွေဟာ လေယာဉ်ကို ပျက်ကျခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ဂျိုးဆက်ဒေးဗစ်အမ်မာဆန်သည် လောင်စာဆီစီးဆင်းမှု ပြတ်တောက်အောင်လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း လေယာဉ်ပေါ်ပါအမှုထမ်းများက လောင်စာဆီစီးဆင်းမှုပြန်လည်ရရှိအောင် ချက်ချင်းလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ လေယာဉ်ပေါ်ပါအမှု ထမ်းများသည် လေယာဉ်မှူးအခန်းအတွင်းမှတစ်ဆင့် ခရီးသည်များအား ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် အကြောင်းကြားခဲ့ကြောင်း အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ Aubrey Gavello ကပြောကြားခဲ့သည်။
ထို့နောက်အဆိုပါလေယာဉ်သည် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့တွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်းသိရသည်။ Aubrey Gavello က "လေယာဉ်မှူးမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပါတယ်လို့ လေယာဉ်အမှုထမ်းက စပီကာကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို လေယာဉ်ပေါ်ကနေ ချက်ချင်းခေါ်ထုတ်ဖို့လိုအပ်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။"ဟုပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ဂျိုးဆက်ဒေးဗစ်အမ်မာဆန်သည် လူသတ်ရန်ကြိုးပမ်းမှု(၈၃)မှု၊ အခြားလူတစ်ဦးကို အန္တရာယ်ဖြစ်စေမှု(၈၃)မှုနှင့် လေယာဉ်ကို အန္တရာယ်ဖြစ်စေမှု အပါအဝင် ကြီးမားသောစွဲချက်များနှင့်ရင်ဆိုင်နေရကြောင်း Multnomah ကောင်တီ ခရိုင်ရှေ့နေရုံးက အတည်ပြုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်သမားများမှ အမျိုးသား(၂)ဦးအားသေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အားလုယက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ