တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သောဖြစ်ရပ်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဖိလစ်ပိုင်အစိုးရ ဆင့်ခေါ်
Pika (NSS) - အောက်တိုဘာ ၂၃
အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ တိုက်မိမှုဖြစ်ပွားပြီး နောက် အောက်တိုဘာလ(၂၃)ရက်တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်လိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
Spratly ကျွန်းစုရှိ Second Thomas Shoal အနီးတွင် အောက်တိုဘာလ(၂၂)ရက်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်ပြီး တရုတ် နှင့် ဖိလစ်ပိုင်တို့သည် အပြန်အလှန်ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သိရသည်။ ဖိလစ်ပိုင်အစိုးရ သည် ၎င်း၏ ပိုင်နက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုရန်အတွက် Second Thomas Shoal တွင် သောင်တင်နေ သော ဒုတိယကမ္ဘာစစ်ကာလ သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးပေါ်တွင် ၎င်း၏ တပ်ဖွဲ့ဝင်အချို့ကို တပ်စွဲထား စေခဲ့ကြောင်း သိရသည်။
ထို့နောက် Second Thomas Shoal တွင် တပ်စွဲထားသော ဖိလစ်ပိုင်တပ်ဖွဲ့များထံ ထောက်ပံ့ရေးသင်္ဘောများ စေလွှတ်ချိန်အတွင်း အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Teresita Daza က "ကျွန်မတို့ဟာ သံတမန်ရေးရာလုပ်ငန်းစဉ်တွေကို အပြည့်အဝ အသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအထဲမှာ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian ကို ဆင့်ခေါ်တာလည်း ပါဝင်ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian သည် ဆင့်ခေါ်မှုကိုလာရောက်ခြင်းမျိုး မရှိခဲ့ကြောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ်အချိန်အတွင်း Huang Xilian ၏ လက်ထောက်မစ်ရှင် အကြီးအကဲက ကိုယ်စားပြုတွေ့ဆုံခဲ့ကြောင်း Teresita Daza က ပြောခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လက Second Thomas Shoal အနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ က မီးသတ်ပိုက်ဖြင့် ထိုးခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရသည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian ကို ဆင့်ခေါ်ခဲ့ဖူးကြောင်း သိရသည်။
Teresita Daza က "Ayungin Shoal ဟာ ကျွန်မတို့ရဲ့သီးသန့်စီးပွားရေးဇုန်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီကျွန်း အပေါ်မှာ ကျွန်မတို့ရဲ့အချုပ်အခြာအာဏာပိုင်ခွင့်နဲ့ စီရင်ပိုင်ခွင့်ရှိပါတယ်။ အဓိက အင်အားကြီးနိုင်ငံတစ်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံဟာ ဒေသတွင်းတည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့တာဝန်ရှိပါတယ်" ဟု ပြောခဲ့သည်။
အောက်တိုဘာလ(၂၃)ရက် အစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရန်စသောလုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် တောင်တရုတ်ပင်လယ် အတွင်း ဖိလစ်ပိုင်သင်္ဘောများ၏ ထောက်ပံ့ရေးမစ်ရှင်များကို ပိတ်ဆို့ရန်ကြိုးပမ်းမှုများသည် ဆိုးရွားသောရလဒ် များကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ အပါအဝင် နိုင်ငံပေါင်း(၁၈)နိုင်ငံတွင် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဌာနများ ဖြန့်ကျက်ရန် တရုတ်စစ်တပ် စီစဉ်နေဟု ပင်တဂွန်စစ်ဌာနချုပ် ဖော်ပြ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ