နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းတို့၌ လုံခြုံရေးအရ အခက်အခဲများကြုံတွေ့နေရဟုဆို
မြူနစ် (NSS) - အောက်တိုဘာ ၂၃
နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းတို့၌ လုံခြုံရေးအရ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၁၆ ရက်တွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော ပါတီ(၃၇)ပါတီမှ ခေါင်း ဆောင်များ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံရေးပါတီများဘက်မှ လက်ရှိကြုံတွေ့ရနေသည့်အခက်အခဲများနှင့်ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
နယ်မြေဆင်းကာ ပါတီဝင်အင်အားစုစည်းရာ၌ လုံခြုံမှုမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက NSS ကို ပြောသည်။
“ပါတီဝင်အင်အား စုစည်းတဲ့နေရာမှာ ဘာအခက်အခဲတွေ တွေ့နေရလဲဆိုတော့ သွားရေးလာရေးခက်ခဲတာပေါ့နော်။ နယ်မြေထဲမှာ လုံခြုံရေးမရှိတဲ့အခါကြတော့ ပါတီဝင်စုစည်းရတဲ့အခက်အခဲတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်တစ်ခါ ပါတီဝင်စုစည်းတဲ့အခါမှာလည်းပဲ သူတို့ရဲ့သတ်မှတ်ချက်အရ မှတ်ပုံတင်ကအစ၊ အိမ်ထောင်စုစာရင်းကအစ အဲဒါမျိုးတွေ တောင်းဆိုလို့မရဘူးပေါ့။ နောက်တစ်ခါ ဓါတ်ပုံပေါ့ အဲဒါတွေက တောင်းဆိုလို့မရတဲ့အခက်အခဲတွေပေါ့။ အဲဒါတွေကို ကျွန်တော်တို့က တင်ပြတယ်” ဟု ဦးမြင့်မောင်ထွန်းက ပြောသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များအလိုက် ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင်လည်း အကြမ်းဖက်သမားများမှ အန္တရာယ်ပြုမည့်အခြေအနေကို စိုးရိမ်နေရလျက်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။
“နောက်တစ်ချက်ကတော့ နယ်မြေထဲမှာ ရုံးခန်းတွေ ဖွင့်တဲ့အခါမှ ရုံးခန်းရဲ့ ဆိုင်းဘုတ်တို့၊ တံဆိပ်တို့၊ အလံတို့ စိုက်ထူတဲ့အခါမှာ အကြမ်းဖက်သမားတွေက ဒီအိမ်ကို အန္တရာယ်ပြုနိုင်တယ်။ အဲဒါကြောင့် အဲဒီအိမ်ပိုင်ရှင်တွေက ငှားလည်းမငှားဘူး။ မေတ္တာနဲ့လည်း မပေးဘူး။ ရုံးခန်းဖွင့်ဖို့ အခက်အခဲဖြစ်နေတယ်ပေါ့။ အဲဒါတွေကို ကျွန်တော်တို့ တင်ပြတယ်” ဟု PPP ပါတီမှ ယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက ပြောသည်။
ထို့ကြောင့် ပါတီရုံးခန်းဖွင့်လှစ်ရာတွင် ဆိုင်းဘုတ်၊ အလံများကို နေအိမ်အခန်းအတွင်းသာ ချိတ်ဆွဲခွင့်ပြုရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း သိရသည်။
တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီများအနေဖြင့် ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းရှိရန်လိုအပ်ပြီး အနည်းဆုံးမြို့နယ်ပေါင်း ၁၆၅ မြို့နယ်တွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်ရန် လို အပ်ကြောင်း သိရသည်။
တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုခုအား အခြေပြုစည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံး ပါတီဝင်အင်အား တစ်ထောင်ရှိရန်လိုအပ်ပြီး မြို့နယ်ပေါင်း (၅)မြို့နယ်တွင်သာ ပါတီရုံးခန်းဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံ ရေးပါတီ (၆၄)ပါတီရှိသည့်အနက် ပါတီပေါင်း (၃၇)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို နောက်ထပ်ဆေးကုသမှုများအတွက် ဆေးရုံတွင် ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ