တရားဝင်လိုင်စင်မရှိဘဲ အခကြေးငွေယူ၍ ဒူဘိုင်းသို့အလုပ်သမားပို့ဆောင်ခဲ့သူများအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်
သန့်ဇင် (NSS) - အောက်တိုဘာ ၁၉
ပြည်ပတရားဝင်အလုပ်သမား ပို့ဆောင်ရေးလိုင်စင်မရှိဘဲ အမျိုးသမီးများကို အခကြေးငွေရယူကာ ဒူဘိုင်းမြို့သို့ ပိုဆောင်ခဲ့သူများအား ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်တရားရုံက အောက်တိုဘာလ ၁၇ ရက်တွင် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း နစက၏သတင်းထုတ်ပြန်ချက်များမှ သိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် မေဖုန်း(ခ)ကေသီမြင့် နှင့် ရန်ကင်းမြို့နယ်နေ မေသဇင်(ခ)ဇင်ငယ်တို့သည် မကွေးတိုင်းအောင်လံမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီး(၄)ဦးကို ဒူဘိုင်းမြို့တွင် အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ် (၈)သိန်းမှ (၁၀)သိန်း အထိရရှိမည်ဆိုကာ ပြောဆိုစည်းရုံးပြီး အခကြေးငွေများရယူခဲ့ကြောင်း သိရသည်။
အလားတူ ၎င်းတို့နှစ်ဦးသည် အောင်လံမြို့နယ်တွင် နေထိုင်သည့် အခြားသော အမျိုးသမီးတစ်ဦးအား အခကြေးငွေရယူပြီး ဒူဘိုင်းမြို့သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးကို အောင်လံမြို့မရဲစခန်းက (ပ)၁၀၁/၂၀၂၂ ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရလည်းကောင်း၊ (ပ)၁၁၆/ ၂၀၂၂၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရလည်းကောင်း အမှုရေးဖွင့်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ပြစ်မှုထင်ရှားသည့်အတွက် အောင်လံမြို့နယ်တရားရုံးမှ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ်(၃)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ (၂၆)အရ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးရေးလုပ်ငန်းများအထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံ၍ ပြည်ပသို့လည်းတင်ပို့နိုင်မည်ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ