ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသော ငွေကျပ်သိန်း(၄၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သပိတ်ကျင်းမြို့နယ်၌ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - အောက်တိုဘာ ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၃၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၅ရက်၊ နံနက် ၁၀နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ဖော့တောလမ်းဆုံတွင် မန္တလေးမှ ဟိုပင်သို့ ပြေးဆွဲသည့်ခရီးသည်တင်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ကားအား သတင်းအရရှာဖွေခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသည့် ကောင်းသန့်ကျော်နှင့် ခန့်ဇင်ဝင်းတို့(၂)ဦးသည် ၎င်းတို့သယ်ဆောင်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းအတွင်းမှ ငွေကျပ်သိန်း(၃၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဒသမ ၈သိန်းနှင့် ဘိန်းဖြူ ၄ဒသမ ၁၈ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးချက်အရ အဆိုပါသိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံ၏ အဆောက်အအုံပိုင်း၌ ရေတိုက်စားထိခိုက်မှုရှိခဲ့သော်လည်း စိုးရိမ်စရာမရှိတော့ကြောင်း နစကအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ