ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံ၏ အဆောက်အအုံပိုင်း၌ ရေတိုက်စားထိခိုက်မှုရှိခဲ့သော်လည်း စိုးရိမ်စရာမရှိတော့ကြောင်း နစကအသိပေး
စော(NSS) - အောက်တိုဘာ ၁၁
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံ၏ အဆောက်အအုံပိုင်း၌ ရေတိုက်စားထိခိုက်မှုရှိခဲ့သော်လည်း စိုးရိမ်စရာမရှိတော့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
ပဲခူးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေသည် စံချိန်တင်မြင့်တက်ခဲ့ပြီး ရေလှောင်တမံများတွင် ရေများဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့(အောက်တိုဘာလ ၁၀ ရက်)တွင် ဇလက်ထော်ရေလှောင်တမံအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဇလက်ထော်ရေလှောင်တမံသည် ကန်ရေပြည့်အမှတ်သို့ရောက်ရှိခဲ့ရာ ယမန်နေ့တွင် ရေပိုလွှဲပေါ်မှ ရေအမြင့်(၃ ဒသမ ၉)ပေအထိ ရေကျော်စီးဆင်းခဲ့ပြီး ပင်မရေပိုလွှဲ၏ အထွက်ပိုင်းရှိ ရေကျအဆောက်အအုံ ရေတိုက်စားထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပင်မရေပိုလွှဲအထွက်ဘက်ပိုင်းတွင် ကျောက်ကြီးများနှင့် ကျောက်ခြင်းများချ ထားခြင်းအပြင် ရေပိုလွှဲအထက်ဘက်ပိုင်းတွင် ယာယီရေတားတမံပြုလုပ်ခြင်းနှင့် အောက်ပိုင်းတွင် ရေတိုက်စားမှုဒဏ်ခံနိုင်ရေးတို့ကို အရေးပေါ်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်အခြေအနေတွင် ရေကိုလွှဲထုတ်နိုင်ရန် အရေးပေါ်ရေပိုလွှဲအဖြစ် အသုံးပြုနိုင်မည့် ရေလွှဲမြောင်းတစ်ခုကိုလည်း သတ်မှတ်ထားရှိကြောင်း သိရသည်။
လက်ရှိတွင် မိုးရွာသွန်းမှုမရှိခြင်းကြောင့် ဇလက်ထော်ရေလှောင်တမံ၏ တမံရေအမှတ်များ ကျဆင်းလာပြီဖြစ်၍ ဇလက်ထော်ရေလှောင်တမံသည် စိုးရိမ်စရာမရှိကြောင်း ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၏ ယနေ့(အောက်တိုဘာလ ၁၁ ရက်)၊ နံနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ (၉၈၃)စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ပဲခူးမြို့၏စိုးရိမ်ရေမှတ်(၈၈၀)အထက်တွင် ဆက်လက်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါး အခြေခံရည်ညွှန်းဈေး ကြောင့် ဈေးကွက်ပေါက်ဈေး နိမ့်ကျ သွားမည့်အပေါ် တောင်သူများစိုးရိမ်နေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း