ရန်ကုန်မြို့၌ ကားလေး(၄)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အသက်(၂)နှစ်အရွယ် ကလေးငယ်အပါဝင်(၄)ဦးသေဆုံးခဲ့ပြီး လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - အောက်တိုဘာ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ကားလေး(၄)စီးဆင့်တိုက်မှုကြောင့် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါဝင် အမျိုးသမီး(၄)ဦးသေဆုံးသွားခဲ့ပြီး လူပေါင်း(၂၀)ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲအရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာလ ၇ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ PT Power ဓာတ်ဆီဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“Light Truck က PT Power ဆီဆိုင်ရှေ့မှာကွေ့ဖိုလုပ်နေရင်းကနေ ရုတ်တရက် ရပ်လိုက်တော့ သူနောက်မှာကပ်ပါလာတဲ့ ZKG အထည်ချုပ်စက်ရုံက ဖယ်ရီကားက တိုက်မိမှာစိုးလို့ ဘရိတ်အုပ်လိုက်တာမှာ အဲဒီဖယ်ရီကားနောက်မှာလိုက်လာတဲ့ ရွှေမန္တလာခရီးသည်ကားက ဘရိတ်ပေါက်ပြီးတော့ ဝင်တိုက်ချလိုက်တယ်။ အဲလိုတိုက်ချလိုက်တော့ ဖယ်ရီကားက ယာဉ်ကြောညာဘက်ကို ထွက်သွားပြီးတော့ ခုနတိုက်လိုက်တဲ့ ခရီးသည်တင်ကားက ဘယ်ဘက်ယာဉ်ကြောထဲကိုဝင်သွားတာမှာ တစ်ဖက်က လာနေတဲ့ တက္ကစီကို မျက်နှာချင်းဆိုင်ထပ်တိုက်မိတာပေါ့”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် တက္ကစီပေါ်လိုက်ပါလာသည့် လူ(၆)ဦးအနက် အသက်(၂)နှစ်အရွယ် ကလေးငယ်မိန်းကလေးတစ်ဦး၊ အသက် (၃၀)နှစ် ဝန်းကျင်အမျိုးသမီး(၁)ဦးနှင့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးတို့နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းတက္ကစီပေါ်ရှိ အသက် (၃၀)ဝန်းကျင်အမျိုးသမီးတစ်ဦးမှာလည်း ဆေးရုံအရောက်၌ထပ်မံ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“Probox တက္ကစီပေါ်မှာလိုက်ပါလာတဲ့ အသက်(၂)နှစ်အရွယ်ကလေးငယ်မိန်းကလေးတစ်ဦးရယ်။ မိခင်ဖြစ်တဲ့သူရယ်။ ဖွားအေဖြစ်သူတို့ကတော့ နေရာမှာတင်ပွဲချင်းပြီးဆုံးတယ်။ ခေါင်းခန်းထဲမှာလဲ အမျိုးသမီးတစ်ယောက်ညှပ်နေတာနဲ့ ဆွဲထုတ်လိုက်တော့။ အဲဒီအမျိုးသမီးက ဘယ်ဘက်လက်မောင်းကျိုးတာကြောင့် ဆေးရုံပို့လိုက်တဲ့အချိန် နာရီဝက်အကြာမှာပဲ ဆေးရုံမှာဆုံးသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အထက်ပါယာဉ်တိုက်မှုအတွင်း သေဆုံးသူ(၄)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦးထက်မနည်းရှိခဲ့ပြီး ၎င်းတို့အား မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်(၃)ခုနှင့် ရုရှားတက္ကသိုလ်တို့အကြား နျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ