ဆိုင်ကယ်တက္ကစီယာဉ်မောင်းအား လိုက်ပါလာသည့်ခရီးသည်မှ ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှု တာချီလိတ်မြို့၌ဖြစ်ပွား
သန့်ဇင် (NSS) - အောက်တိုဘာ ၄
ရှမ်းပြည်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းအမျိုးသားအား ခရီးသည်အမျိုးသားမှ ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောင်တိုဘာလ ၃ ရက်)၊ မွန်းလွဲ ၁နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ မလိပါကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရွှေမယ်ယန်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ခရီးသည်တစ်ယောက်က ဆိုင်ကယ်လာငှားပြီးတော့ သူသွားမဲ့ရွာကိုလိုက်ပို့ခိုင်းတယ်။ ခေါ်သွားပြီး လမ်းတဝက်ရောက်တော့ နောက်ကျောကိုဓားနဲ့ထိုးလိုက်တယ်ပေါ့။ အဲဒီအချိန် ပြန်ခုခံတော့ လည်ပင်းကိုလည်း တစ်ချက်ဓားထိသွားတာပေါ့။ ဆိုင်ကယ်တော့ ပါမသွားပါဘူး” ဟု ရွှေမယ်ယန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားဖြင့်အထိုးခံရသည့် အသက်(၄၀)ဝန်းကျင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းအမျိုးသား၌ နောက်ကျောထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
“လုတဲ့လူက အသက်(၃၀)လောက်လို့သိရတယ်။ လုနေရင်းနဲ့ သူကမနိုင်တာနဲ့ ထွက်ပြေးသွားတာပေါ့။ လူနာရဲ့လက်ရှိအခြေနေတော့ မသိရသေးပါဘူး။ လုတဲ့လူကိုတော့ လိုက်ရှာနေတုန်းပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဓားဖြင့်အထိုးခံရသည့် အမျိုးသားအား ရွှေမယ်ယန်းလူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး လုယက်သူအမျိုးသားအား သက် ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
“ဒီမှာက အဲလိုဖြစ်စဉ်တာတွေက ခဏခဏရှိဖူးတယ်။ ခုလိုမျိုးဆိုင်ကယ်ငှားမယ်ပြောပြီးတော့ လုပ်သွားတာတွေပေါ့။ ဒီမှာက လောင်းကစားရုံတွေရှိတော့ လောင်းကစားရှုံးလို့ဖြစ်တာတွေကြောင့် ခုလိုတွေလုပ်တယ်လို့ ယူဆရတယ်” ဟု အထက်ပါ အသင်းမှ တာဝန်ရှိ သူက ထပ်မံပြောသည်။
တာချီလိတ်မြို့တွင် အကြမ်းဖက်လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး အဆိုပါအကြမ်းဖက်လုယက်မှုများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို နစကအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ