ရန်ကုန်မြို့တွင် YBS နှင့် Chevrolet ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ယာဉ်မောင်းတစ်ဦးပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - အောက်တိုဘာ ၄
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် YBS နှင့် Chevrolet အိမ်စီးကားတို့မျက်နှာချင်းဆိုင်တိုက်မိရာမှ အိမ်စီးကားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ (၆)ဦးမှာစိုးရိမ်ရကြောင်း ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (အောက်တိုဘာလ ၄ ရက်)၊ နံနက် ၂နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဝတ လမ်းစုံ၊ တောင်မြောက်လမ်းစုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့သိရတာတော့ မြောက်ဒဂုံကနေ Chevrolet နဲ့ပြန်လာတဲ့အချိန်မှာ အဲဒီလမ်းဆုံနားမှာ YBS နဲ့မျက်မှာချင်းဆိုင်တိုက်မိတာပေါ့”ဟု ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်တိုက်မှုကြောင့် Chevrolet ကားပေါ်မှ လိုက်ပါလာသည့် အမျိုးသား(၇)ဦးအနက် အသက်(၃၀)အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ကျန်အမျိုးသား(၆)ဦးသည်လည်း စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အိမ်စီးကားပေါ်က ယာဉ်မောင်းက ပွဲချင်းပြီးဆုံးတာပါ။ ကျန်တဲ့လူတွေကတော့ စိုးရိမ်ရတဲ့အတွက် ဆေးရုံပို့ပေးလိုက်ရတယ်။ YBS ကတော့ ကားခေါင်းထိတာကလွဲရင် ကျန်တာဘာမှ မဖြစ်ပါဘူး။ အိမ်စီးကားကတော့ တော်တော်ကြေသွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ပရဟိတအသင်းများစုပေါင်း၍ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မြန်မာအမျိုးသမီး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ