ထိုင်းနိုင်ငံတွင် ဘတ်သန်း(၃ဝဝ)တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ပြော
Pika (NSS) - စက်တင်ဘာ ၂၉
ထိုင်းရဲတပ်ဖွဲ့သည် ခန့်မှန်းခြေ ဘတ်သန်း(၃ဝဝ)တန်ဖိုးရှိ စိတ်ကြွဆေးများဖြစ်သော methamphetamine၊ crystal meth နှင့် ဘိန်းဖြူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာလ(၂၈)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
ထို့အပြင် အဆိုပါဖမ်းဆီးရမိမှုသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးဖမ်းမိမှုတွင် ပမာဏအများဆုံး ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စက်တင်ဘာလ(၂၇)ရက် ညတွင် ဘန်ကောက်မြို့အနောက်ဘက် Nakhon Pathom မြို့ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းမှုအတွင်း အဆိုပါမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ပြီး လူလေးဦးကို တရားမဝင်မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသည့်လူလေးဦးက မူးယစ်ဆေးဝါးများကို ဘန်ကောက်မြို့ရှိ ကုန်သည်များထံသို့ ဖြန့်ဝေခြင်းများ မလုပ်ဆောင်မီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါအိမ်ကို ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း ဝန်ခံပြောခဲ့သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများထဲတွင် methamphetamine ဆေးပြား(၁၅)သန်း၊ဘိန်းဖြူ(၄၄၃)ထုပ်၊ crystal meth(၄၂ဝ) ကီလိုဂရမ် နှင့် happy water အပါအဝင် ပါတီပွဲများတွင် အသုံးပြုသော အခြားမူးယစ်ဆေးဝါး အများအပြားတို့ ပါဝင်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါမူးယစ်ဆေးဝါးများကို သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကိုပြသခဲ့ကြောင်း သိရသည်။ လူကုန်မှုးဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် (၂)နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ၏ ရလဒ် အဖြစ် အဆိုပါဖြိုခွင်းမှုကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးများသည် မည်သည့်နေရာက ဝင်ရောက်သည်ဆိုသည့်အချက်ကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားခြင်းမျိုးမရှိသော်လည်း ကုလသမဂ္ဂနှင့် ကျွမ်းကျင်သူများက ထိုင်းနိုင်ငံ၏ အိမ်နီးချင်းမြန်မာနိုင်ငံသည် ဒေသတွင်းရှိ methamphetamine နှင့် ဘိန်းဖြူ အများစု၏ အဓိကရင်းမြစ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က " Nakhon Pathom မြို့မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုဟာ ကြီးမားတဲ့ ဖမ်းဆီးရမိမှု တစ်ခုပါပဲ။ ဒါက မြန်မာနိုင်ငံမှာ လုံခြုံရေးတင်းကျပ်မှုတွေ နည်းပါးလာပြီး methamphetamine ဆေးပြားဖြန့်ဖြူး တာတွေ ပိုမိုတိုးချဲ့လာတာကို ပြသနေတာလည်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး အခြေအနေတွေ တိုးတက်လာတာကို ကျွန်တော်တို့ မမြင်မိပါဘူး။ ဒီလိုဖြစ်ရပ်တွေက ပိုပိုများလာပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ ရေနံသိုလှောင်မှု ကျဆင်းလာချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်း အမြင့်ဆုံးသို့ရောက်ရှိလာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ